#World_Politics
Published 28 December 2022

 

မြောက်ကိုရီးယားမှ အာဏာရအလုပ်သမားပါတီရဲ့ ကျင်းပဆဲအစည်းအဝေးပွဲမှာ ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က ၂၀၂၃ ခုနှစ်အတွက် စစ်ရေးရည်မှန်းချက်အသစ်များကို ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာတင်ပြခဲ့ကာ နောက်နှစ်အတွက် လက်နက်စမ်းသပ်မှုများနဲ့ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်စေဦးမယ့် အရိပ်အယောင်မြင်တွေ့နေရပါတယ်။

 

အဌမမြောက်ပါတီဗဟိုကော်မတီ ဆဌမမြောက်ပါတီစုံညီအစည်းအဝေးပွဲရဲ့ ဒုတိယနေ့မှာ 'ကင်မ်ဂျုံအန်း'က ကိုရီးယားကျွန်းဆွယ်မှာ ထပ်မံပေါ်ပေါ်က်လာတဲ့ စိန်ခေါ်မှုအခြေအနေတွေနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ နိုင်ငံရေးမြင်ကွင်းတွေကို သုံးသပ်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

 

မြောက်ကိုရီးယားရဲ့ တတိယမျိုးဆက်ခေါင်းဆောင်ဟာ ရန်သူဆန့်ကျင်ရေးတိုက်ပွဲ ဦးတည်ချက်နဲ့ ကာကွယ်ရေးစွမ်းအားမြှင့်တင်ရေး ရည်မှန်းချက်များချမှတ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

 

နိုင်ငံအချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ပါတီနဲ့အစိုးရတို့ နက်နက်နဲနဲလိုက်နာရန်လိုအပ်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးအခြေခံမူများနဲ့ ရန်သူကိုတွန်းလှန်မယ့် ဦးတည်ချက်တို့ကို ဖော်ပြခဲ့ကြောင်း တရားဝင် KCNA သတင်းဌာနက ဆိုပါတယ်။

 

ကိုယ်ပိုင်ခုခံနိုင်စွမ်းမြင့်မားရေးအတွက် ၂၀၂၃ မှာ ပြင်းပြင်းထန်ထန်လျှောက်လှမ်းရမယ့် အဓိကပန်းတိုင်အသစ်တွေကို နိုင်ငံရေးအတက်အကျ အခြေအနေအမျိုးမျိုးမှာ ပြင်ဆင်ထားနိုင်ဖို့ တင်ပြခဲ့ပါတယ်။

 

ရည်မှန်းချက်အသစ်တွေကို KCNA က တိတိကျကျမဖော်ပြခဲ့ပေမယ့် 'ကင်မ်'ရဲ့မှတ်ချက်စကားတွေက သီးခြားဖြစ်နေတဲ့ မြောက်ကိုရီးယားအနေနဲ့ ယင်းတို့စစ်ရေးစစ်ရာတည်ဆောက်ခြင်းကို မြှင့်တင်သွားဦးမယ့်သဘော ရှိနေပါတယ်။

 

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုအများအပြားပြုလုပ်ထားခဲ့ကာ ၂၀၂၁ အစောပိုင်းက အလုပ်သမားပါတီကွန်ဂရက်ညီလာခံမှာ ချမှတ်ခဲ့တဲ့ ၅ နှစ်တာအစီအစဉ်အတိုင်း ထိပ်သီးဗျူဟာမြောက်လက်နက်များ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားဘက်က အဆက်မပြတ် ဒုံးကျည်ပစ်ခတ်နေတာကြောင့် တင်းမာမှုမြင့်တက်နေခဲ့ကာ ပြီးခဲ့တဲ့အပတ်ကလည်း တောင်ကိုရီးယားဘက်ကို မြောက်ကိုရီးယားရဲ့ဒရုန်း ၅ စင်းဖြတ်ကျော်ဝင်ရောက်ခဲ့ပါသေးတယ်။

 

စုံညီအစည်းအဝေးပွဲအတွင်း နိုင်ငံရဲ့ သိပ္ပံ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ ချို့ယွင်းချက်တွေရှိနေတာကို ထောက်ပြခဲ့ပြီး ကျော်လွှားနိုင်ရန်နည်းလမ်းများကို အကြံပြုခဲ့ကာ လာမယ့်နှစ်အတွက် အဓိကကျတဲ့လုပ်ငန်းတာဝန်များကို ချမှတ်ခဲ့ကြောင်း KCNA က ဖော်ပြလိုက်ပါတယ်။

 

ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ စီးပွားရေးကဏ္ဍကို အသားပေးပြောကြားခဲ့ပြီး မြောက်ကိုရီးယားဟာ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအစီအစဉ်များနဲ့ သဘာဝဘေးအန္တရာယ်တို့ကြောင့် သက်ရောက်လာတဲ့အကျိုးဆက်တွေကို ခံစားနေရပါတယ်။

 

Source: Reuters
#Yangon_Media_Group