#World_Health
Published 28 December 2022

 

အသားဖြူအလှကုန်ပစ္စည်းတွေဟာ ရောင်ခြယ်ပမာဏကို လျှော့ချပေးခြင်းဖြင့် အသားအရည်ကိုဖြူစေတာဖြစ်ပါတယ်။

 

အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ၂၀၂၀ ခုနှစ်မှာ ဒေါ်လာ ၈ ဘီလီယံတန်ကြေးရှိပြီး ၂၀၂၇ ခုနှစ်မှာ ဒေါ်လာ ၁၂.၆ ဘီလီယံရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

အသားအရောင်ခွဲခြားမှုနဲ့ ပတ်သက်ပြီး အာရှလိုနေရာမျိုးမှာ အငြင်းပွားမှုများရှိနေကာ အသားဖြူခြင်းက နေရိပ်ထဲမှာ သက်တောင့်သက်သာလုပ်ကိုင်နေထိုင်ရတယ်လို့ ယေဘုယျသတ်မှတ်ကြပါတယ်။

 

အသားအရည်ဖြူဖွေးလှပရန်အတွက် အလှကုန်ပစ္စည်းများအသုံးပြုတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးတွေ ရှိနေပါတယ်။

 

အဓိကပြဿနာက မာကျူရီပါဝင်တဲ့ ခရင်မ်တွေဖြစ်ပြီး လူရဲ့အရေပြား၊ ဆံပင်၊ မျက်လုံးတို့မှာ ရောင်ခြယ်ပေးတဲ့ မယ်လာနင်ဓာတ်ထွက်ရှိမှုကို တားဆီးပါတယ်။

 

အသားဖြူခရင်မ်တွေ၊ အရေးကြောင်း အစက်အပြောက်တွေဖယ်ရှားပေးပြီး ရင့်ရော်ခြင်းကိုကာကွယ်ပေးတဲ့ အလှကုန်တွေမှာ မာကျူရီပါဝင်ပါတယ်။

 

မာကျူရီနဲ့ထိတွေ့ခြင်းဖြင့် ကျောက်ကပ်၊ ဦးနှောက်၊ အာရုံကြောစနစ်တို့ကို ထိခိုက်စေပါတယ်။

 

ဟောင်ကောင်မှာ ကျန်းမာရေးကာကွယ်ရေးစင်တာ(CHP)မှ အများပြည်သူသိအောင်ထုတ်ပြန်ခဲ့ရာမှာ မာကျူရီအများအပြားပါဝင်တဲ့ အသားဖြူခရင်မ် ၂ မျိုးကို အသုံးမပြုဖို့ သတိပေးလိုက်ပါတယ်။

 

အမျိုးသမီး ၂ ယောက် အလှကုန်ပစ္စည်းတွေအသုံးပြုပြီးနောက် မာကျူရီအဆိပ်သင့်တယ်လို့ ယူဆရကာ ဆေးရုံသို့ရောက်ရှိခဲ့တာကြောင့် အခုလိုထုတ်ပြန်လိုက်ရတာဖြစ်ပါတယ်။

 

မာကျူရီနဲ့ ကြာရှည်ထိတွေ့တဲ့အခါ ကတုန်ကယင်ဖြစ်ခြင်း၊ စိတ်ဆတ်ခြင်း၊ အိပ်မပျော်ခြင်း၊ မှတ်ဉာဏ်ယိုယွင်းခြင်း၊ အာရုံစိုက်ရခက်ခဲခြင်း၊ အမြင်နဲ့အကြားအာရုံချို့တဲ့ခြင်း၊ အရသာပြောင်းလဲခြင်းတို့ ဖြစ်တတ်ပါတယ်။

 

ဆိုးရွားတဲ့အခြေအနေတွေမှာ ကျောက်ကပ်ပျက်စီးခြင်းပါ ဖြစ်တတ်ပါတယ်။

 

ပါကစ္စတန်အမှတ်တံဆိပ် Goree နဲ့ဝင်လာတဲ့ Goree Day and Night Beauty Cream Oil Free နဲ့ Goree Beauty Cream with Lycopene, Avocado & Aloevera ဆိုတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။

 

ဒီပစ္စည်းတွေကို ဖေ့စ်ဘွတ်ခ်မှာ ရောင်းချနေကြပြီး နာမည်ကျော်အွန်လိုင်းပလက်ဖောင်း Etsy ကလည်း ဟောင်ကောင်မှာရောင်းချနေပါတယ်။

 

နောက်ထပ်ဆိုးကျိုးကတော့ အရေပြားမှာ ရောင်ခြယ်ဓာတ်ဆုံးရှုံးသွားကာ အဖြူကွက်များပေါ်လာတဲ့ သမင်ဖြူတို့ပါ ဖြစ်တတ်ပါတယ်။

 

အသားအရည်ဖြူဖွေးဖို့ သင့်တော်တဲ့ကုထုံးတွေကတော့ ထရန်အိတ်ဆမ်းမစ်အက်ဆစ်ပါဝင်ကာ သွေးထွက်ခြင်းကို ထိန်းသိမ်းရာမှာအသုံးပြုပေမယ့် အရေပြားမှာလည်း အသုံးပြုနိုင်ပါတယ်။

 

ဆေးခန်းမှထောက်ခံချက်ဖြင့် အရေပြားအပေါ်ယံမှ အစက်အပြောက်အမည်းကွက်ရှိတဲ့ နေရာတွေကို ခွာခြင်းဖြင့်လည်း ထိရောက်စေပါတယ်။

 

ဟော်မုန်းပမာဏထိန်းညှိပေးခြင်းကလည်း အသားအရောင်ထိန်းသိမ်းမှုမှာ ပတ်သက်နေပါတယ်။

 

Source: SCMP
#Yangon_Media_Group