#World_Health
Published 29 December 2022

ပျော်ရွှင်မှုရဖို့အတွက်ဆိုရင် ပိုက်ဆံရှိတာထက်စာရင် အိပ်ရေးဝခြင်းက ပိုပြီးအရေးကြီးတယ်လို့ သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

ပျော်ရွှင်ခြင်းနဲ့ အိပ်စက်ခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာရန် လူပေါင်း ၂ ထောင်ကို စစ်တမ်းကောက်ယူခဲ့ရာ မိမိဘဝကို ပျော်ရွှင်ကျေနပ်သူ ၄၀ ရာခိုင်နှုန်းဟာ နှစ်ခြိုက်ကောင်းမွန်စွာအိပ်စက်ရကြောင်း ဖော်ပြခဲ့ပါတယ်။

 

ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက သူတို့ဘဝမှာ ကျေနပ်မှုရရှိပေမယ့် ၅ ပုံ ၁ ပုံကတော့ ကျေနပ်မှုမရှိကာ တစ်ပတ်မှာ ၃ ရက်လောက် ထိုကဲ့သို့ခံစားရတယ်လို့ ဆိုကြပါတယ်။

 

ဘဝမှာ ကျေနပ်မှုမရရှိတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကောင်းစွာ မအိပ်စက်ရခြင်း ၄၅ ရာခိုင်နှုန်းက အဓိကဖြစ်နေပြီး သူ့နောက်မှာတော့ စိတ်ဖိစီးမှု(၄၃ ရာခိုင်နှုန်း)၊ လှုပ်ရှားတက်ကြွမှုမရှိခြင်း(၃၈ ရာခိုင်နှုန်း)၊ လှုမှုပေါင်းသင်းရေးနည်းခြင်း(၃၄ ရာခိုင်နှုန်း)နဲ့ အိမ်မှုကိစ္စတွေကနေ ပင်ပန်းနွမ်းနွယ်မှု(၃၃ ရာခိုင်နှုန်း)တို့ ရှိပါတယ်။

 

ပိုမိုပျော်ရွှင်မှုရဖို့အတွက် စိတ်ဖိစီးမှုလျော့ပါးရန်နဲ့ ပိုမိုအနားယူရန်လိုအပ်ကြောင်း ဖြေဆိုသူများက အကြံပြုခဲ့ပါတယ်။

 

နောက်ထပ်သုတေသနပြုချက်များအရ သာမန်လူတစ်ဦးဟာ တစ်လအတွင်း ၁၀ ညမျှ အိပ်ရေးပျက်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက အိပ်ရေးဝတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ ပိုမိုစားသောက်ဖြစ်ပြီး အားကစားပြုလုပ်ဖြစ်ကြပါတယ်။

 

ကောင်းစွာအိပ်စက်ရခြင်းဖြင့် နေထိုင်မှုဘဝနဲ့ လိင်မှုရေးရာတို့မှာ အကူအညီဖြစ်စေပြီး ၅ ယောက်မှာ ၄ ယောက်လောက်က မိမိလက်တွဲဖော်နဲ့ အဆင်ပြေခြင်း၊ ချက်ပြုတ်စားသောက်ခြင်း၊ ကလေးတွေကို အချိန်ပေးခြင်းတို့ ပြုလုပ်တတ်ကြပါတယ်။

 

"လက်ရှိအချိန်မှာ ကျေနပ်နေဖို့က ခက်ခဲပါတယ်၊ ဘာကြောင့်လဲဆိုတော့ အတိတ်အကြောင်း ပြန်တွေးတာတွေ၊ အနာဂတ်အကြောင်း ကြိုတွေးတာတွေကို ဘေးဖယ်ထားဖို့လိုပါတယ်၊ ကောင်းစွာမအိပ်ရတဲ့အခါ လူတွေရဲ့အာရုံစူးစိုက်မှု၊ လုပ်ကိုင်နိုင်စွမ်းတွေမှာ ထိခိုက်လာပြီး စိတ်ဖိစီးမှုပိုဖြစ်စေပါတယ်" လို့ 'ဟာနန်ဝါဂျီ'က ဆိုပါတယ်။

 

ကောင်းစွာအိပ်ပျော်ဖို့အတွက် လိုအပ်တာတွေကတော့ သက်တောင့်သက်သာရှိတဲ့ခေါင်းအုံး ထားရှိခြင်း၊ အခန်းအပူချိန်သင့်တင့်မျှတအောင် ထားရှိခြင်း၊ အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ အီလက်ထရောနစ်ပစ္စည်းများ အသုံးမပြုခြင်းတို့ လိုအပ်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။


မအိပ်ခင်မှာ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။

 

၁၀ ယောက်မှာ ၆ ယောက်က သူတို့ဘဝမှာ အိပ်ရေးပျက်တာမျိုးမဖြစ်အောင် နေထိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

 

Source: NY Post
#Yangon_Media_Group