#World_Health
Published 26 December 2022

 

အိန္ဒိယမှအမျိုးသမီးတစ်ဦးဟာ လပေါင်းများစွာ ခါးနာခြင်းဝေဒနာခံစားခဲ့ရပြီးနောက် အိန္ဒိယမှဆရာဝန်များမှ သူမရဲ့သည်းခြေအိတ်ကနေ ကျောက် ၃၈၂ လုံး အံ့အားသင့်ဖွယ် ထုတ်ယူရရှိခဲ့ပါတယ်။

 

ဟာရဲယာရွာမှ 'ယာရှိုဒါဘိုင်'လို့ခေါ်တဲ့ လူနာဟာ နောက်ကျောကနေ နာကျင်မှုပြင်းထန်စွာ ခံစားရပြီးနောက် တစ်ခုခုဖြစ်နေပြီဆိုတာကို သိရှိခဲ့ပါတယ်။

 

ရင်ဘတ်အောင့်ခြင်းလည်း ခံစားခဲ့ရပေမယ့် ဘာကြောင့်ဖြစ်လဲဆိုတာကို မသိခဲ့ရပါဘူး။

 

နောက်မှသာ သည်းခြေအိတ်မှာ ကျောက်တည်နေတာကို သိလာရပါတယ်။

 

နာကျင်မှုသက်သာဖို့ ဆေးခန်းသွားပြပေမယ့် ဝေဒနာအရင်းအမြစ်ကိုသိရအောင် မိသားစုက ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။

 

ဓာတ်မှန်ရိုက်ကြည့်ရာမှာ သူ့ရဲ့သည်းခြေအိတ်မှာ ကျောက် ၃၈၂ လုံးရှိနေကာ အချို့ဆိုရင် ၁ စင်တီမီတာလောက်ရှိပါတယ်။

 

သည်းခြေကျောက်လို့ခေါ်ပြီး အစာအိမ်အူလမ်းကြောင်းမှ ပိုလျှံလာတာတွေက သည်းခြေအိတ်ထဲမှာ စုပြုံမာကျောလာတာဖြစ်ကြောင်း မိုင်ယိုဆေးခန်းက ဆိုပါတယ်။

 

သည်းခြေကိုလက်စ်ထရောပမာဏ အလွန်များပြားပြီး ကိုလက်စ်ထရောအပိုအလျှံတွေက မာကျောလာတဲ့အခါ ကျောက်တည်လာတာဖြစ်ပြီး ဆန်စေ့ကနေ ဂေါက်သီးအရွယ်အစားထိ ရှိနိုင်ပါတယ်။

 

အချို့လူတွေမှာ ကျောက်တစ်ခုနှစ်ခုသာ ရှိတတ်ပေမယ့် အချို့မှာတော့ တပြိုင်တည်းမှာ ကျောက်အများကြီးဖြစ်တတ်ပါတယ်။

 

ဆရာဝန်တွေက နှစ်နာရီကြာအောင် ခွဲစိတ်မှုလုပ်ခဲ့ရာမှာ ကံကောင်းစွာဖြင့် သည်းခြေကျောက်တွေကို တစ်ခုပြီးတစ်ခုဖယ်ရှားနိုင်ခဲ့ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပြီးနောက် လူနာမှာ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။

 

ယခုဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်က နောက်ထပ်အိန္ဒိယအမျိုးသမီးမှာပဲ ကျောက် ၂ ထောင်ကျော်တွေ့ရှိခဲ့တာထက်စာရင်တော့ မများပါဘူး။

 

Source: NY Post
#Yangon_Media_Group