Published 18 Dec 2022

မြောက်ကိုရီးယားနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဖက်ကမ်းခြေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ဒီဇင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုးရီးယားနှင့် ဂျပန်တို့ကပြောပါတယ်။

တောင်ကိုးရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) ကပြောကြားရာမှာ တာလတ်ပစ် ဒုံးကျည်နှစ်စင်းဟာ ၅၀၀ကီလိုမီတာ အမြင့်ကနေ ပျံသန်းသွားတယ်လို့ ဆိုပါတယ်။

ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး တိုရှီယိုအီနိုကလည်း ‘ ဒုံးကျည်တွေဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်အပြင်ဘက်ကျသွားခဲ့ပုံရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းတွေတက်မလာဘူး” လို့ ပြောပါတယ်။

“ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ခပ်မတ်မတ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အရှေ့ပင်လယ်ထဲကျသွားတယ်” လို့ တောင်ကိုးရီးယားနိုင်ငံ (JCS)က သတင်းထုတ်ပြန်ပါတယ်။

“ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုက ထောက်လှမ်းရေးအဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ လက်ရှိ ဒုံကျည်တွေပစ်လွှတ်နေတာနှင့် ဆက်စပ်ပြီး ဘာကိုဦးတည်နေသလဲဆိုတာကို  ခွဲခြမ်းစိတ်ဖြာသုံးသပ်နေတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ မဟာဗျူဟာအစ်လက်နက်တွေထုတ်လုပ်ဖို့နှင့် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်တွေ အရှိန်မြှင့်ဖို့ ကြံစည်နေတဲ့အလျောက် မကြာသေးခင်က မြင့်မားကန်အားရှိ solid-fuel အင်ဂျင်ကိုစမ်းသပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်တွေကို လျင်လျင်မြန်မြန်ရွှေ့ပြောင်းနေရာချပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ အဆိုပါအင်ဂျင်စမ်းသပ်ပြီး ရက်အနည်းငယ်အကြာမှာ မြောက်ကိုရီးယားက  ယခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ပြန်လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။

အဆိုပါစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ကိုယ်တိုင် ကြာသပတေးနေ့က ဦးစီးခဲ့တာဖြစ်ပြီး ဒုံးပျံအင်ဂျင်တွေနှင့် အကာသပစ်တင်ယာဉ်တွေစမ်းသပ်မှုတွေအပါအဝင် ဒုံးကျည်နည်းပညာတွေ စမ်းသပ်နေတဲ့နေရာဖြစ်တဲ့ ဆိုဟေးဂြိုဟ်တုစခန်းမှာ လုပ်ဆောင်ခဲ့တာပါ။

မြောက်ကိုးရီးယားဟာ  နိုင်ငံတကာကကန့်ကွက်အရေးယူမှုတွေပြုလုပ်နေတဲ့ကြားထဲက ဒီနှစ်ထဲမှာ မကြုံစဖူး ဒုံးကျည်တွေအများအပြားစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ တိုက်ကြီးအချင်းချင်းပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံကျည်တစ်စင်းလည်းပါဝင်ပါတယ်။ အဲဒီဒုံးကျည်ဟာ အမေရိကန် ပင်မကုန်းမြေကြီးအထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။

ဂျပန်နိုင်ငံကလည်း တရုတ်ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေဝယ်ယူမယ့် အမေရိကန်ဒေါ်လာ ၃၂၀ဘီလျံတန် စစ်ရေးမြှင့်တင်မယ့်အစီအစဉ်ကို သောကြာနေ့ကကြေညာခဲ့ရာမှာ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။

Source:Reuters/CNA

#North_Korea_Launches_two_missiles

#North_Korea_Missile_testings

#Korea_ Peninsula_tension