Published 19 Dec 2022

တရုတ်အမျိုးသမီးဟာ သူနှင့် ၁၀နှစ်ကြာလက်ထပ်ထားတဲ့ ခင်ပွန်းဖြစ်သူဟာ ငါးမျှားဝါသနာကြီးလွန်းလို့ ကွာရှင်းလိုက်ပါတယ်။ ခင်ပွန်းဟာ ငါးမျှားတာကို မိသားစုအရေးထက် ရှေ့တန်းတင်ထားတယ်လို့ သူမကပြောပါတယ်။

ရှန်ဒေါင်းပြည်နယ် ဂျုယီခရိုင်ပြည်သူ့တရားရုံးမှာ  ကျန်လို့အမည်ရတဲ့ အမျိုးသမီးက ခင်ပွန်းဖြစ်သူကို ကွာရှင်းခွင့်လျှောက်ထားခဲ့ပါတယ်။ သူမအနေနှင့် ခင်ပွန်းဖြစ်သူရဲ့ ငါးမျှားတာစွဲလန်းနေမှုအပေါ် ဆက်ပြီး စိတ်မရှည်နိုင်တော့ဘူး၊လုံလောက်ပြီလို့ သူမကပြောပါတယ်။ သူမက အိမ်မှုတာဝန်တွေအကုန်သိမ်းကျုံးလုပ်ပြီး ကလေးနှစ်ယောက်ထိန်းနေရချိန်မှာ ခင်ပွန်းက ဆိုဖာပေါ်မှာ စမတ်ဖုန်းတောက်လျှောက်ပွတ်နေပြီး ညစာစာပြီးတာနှင့် သူငယ်ချင်းတွေနှင့် နေ့တိုင်းငါးမျှားထွက်တော့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

ငါးမျှားတာထက် သူမနှင့်ကလေးတွေအတွက် အချိန်ပိုပေးဖို့သူမက မကြာခဏ ထပ်တလဲလဲပြောခဲ့ပြီးနောက် မရတော့တဲ့အဆုံး “ကျန်”က ရွေးစရာလမ်းမရှိဘဲ ကွာရှင်းခဲ့ရတာဖြစ်ပါတယ်။

“ ကျွန်မ မနက် ၆နာရီဆို နေ့တိုင်းအိပ်ရာထရတယ်။မနက်စာပြင်ရတယ်။ အဲဒီနောက် ကျွန်မ အလုပ်မသွားခင် ကလေးနှစ်ယောက်ကို ကျောင်းပို့ရတယ်။ နေ့တိုင်း ပန်းကန်ဆေးတော့လည်း ကျွန်မ၊အိမ်သန့်ရှင်းရေးလုပ်တာလည်း ကျွန်မ၊ ကလေးတွေကို ကျောင်းသွားကြိုတာလည်း ကျွန်မ၊ပြီးတော့ ကလေးတွေနှင့်အိမ်စာလုပ်ပေးရတာလည်း ကျွန်မ။ ကျွန်မသိပ်ပင်ပန်းပြီ” လို့ ကျန်က တရားရုံးကို လျှောက်တဲ့စာမှာ ရေးသားဖော်ပြထားပါတယ်။

“ ကျွန်မမနက်စာပြင်ပြီးမှ သူက အိပ်ရာထတယ်။ အလုပ်ကပြန်လာရင်လည်း ဆိုဖာပေါ်မှာပဲလှဲလျှောင်းပြီး မိုဘိုင်းဖုန်းတစ်လုံးနှင့်ဆော့နေတော့တာပဲ”  လို့ သူမကဖြည့်စွက်ပြောပါတယ်။” ညစာလည်းစားပြီတာနှင့် ချက်ခြင်းပဲ ငါးမျှားထွက်တော့တာ။ မကြာခဏဆိုသလို ငါးကို တစ်ညလုံးမျှားတာ” လို့လည်း သူမကပြောပါတယ်။

မိန်းမဖြစ်သူရဲ့ ညည်းတွားပြောဆိုသံတွေကို ငြီးငွေ့လာပြီးနောက် “ဆန်း” လို့ခေါ်တဲ့ အဲဒီခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့ သဘောတူလိုက်ပါတယ်။ (သူ့အနေနှင့် ငါးမျှားဖို့ အချိန်ပိုရသွားပြီလို့ ထင်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်)။  သူတို့နှစ်ဦးကို တရားရုံးကစေ့စပ်ပေးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တရားရုံးက ကွာရှင်းမိန့်ချလိုက်ရပါတယ်။  အမိန့်ချမယ့်အချိန်မှာ “ဆန်း”က လက်ရှိတရားရုံးအလုပ်ရှိနေတာမေ့နေပြီး ငါးထွက်မျှားနေလို့ဖြစ်ပါတယ်တဲ့။

“ ငါးမျှားတာ မကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမယ့် ဘာပဲလုပ်လုပ် စည်းတစ်ခုတော့ရှိရမယ်လေ။ ခင်ဗျား လက်ထပ်ပြီးပြီဆိုရင် ခင်ပွန်းတစ်ယောက်အနေနှင့် ဒါမှမဟုတ် ဇနီးတစ်ယောက်အဖြစ် ပြီးတော့ မိဘအဖြစ် တာဝန်ယူဖို့လိုတယ်။ မိသားစုရဲ့ရှေ့မှာ ငါးမျှားတဲ့အလုပ်ကိုသွားမထားပါနှင့်” လို့ တရားသူကြီး ဖူဟောင်လျန်းက “ဆန်း”ကိုပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။ ဒါပေမယ့် “ဆန်း”ကြည့်ရတာ အဲသလိုပြောလို့ နာတဲ့ပုံလည်း မပေါ်ပါဘူးလို့ သတင်းမှာရေးသားထားပါတယ်။

Source:SCMP

#fishing_addiction

#Wife_divorces_husband_of_fishing_addiction

#Strange_News