Published 27 Nov 2022

အိမ်တိုင်းမှာ ခွေးတွေအတွက် ပုန်းလျှိုးကွယ်လျှိုးဖြစ်နေပြီး အသင့်ချောင်းနေတဲ့ အန္တရာယ်တွေကရှိနေတတ်ပါတယ်။ အဲဒါတွေသိထားရင်တော့ ခွေးပိုင်ရှင်တွေအတွက် သူတို့ချစ်ရတဲ့ အဖော်ကလေးတွေကို လုံခြုံတဲ့နေရာကလေး အသေအချာဖန်တီးပေးနိုင်မှာပါ။ အဲဒါတွေအာလုံးထက်အရေးကြီးတာက အိမ်မွေးတိရိစ္ဆာန်ကလေးတွေနှင့်ပတ်သက်တဲ့ မတော်တဆမှုအများစုဟာ အိမ်ထဲမှာဖြစ်နေကြတယ်ဆိုတာပါပဲ။

အဲဒီအထဲမှာ လျှပ်စစ်ကကြိုးတွေ၊ထွက်ပြေးလမ်းပေါက်တွေနှင့် အခြား အန္တရာယ်ရှိပစ္စည်းတွေဟာ သိသာမြင်သာပါ  တယ်။ အဲဒီအပြင် အမှတ်တမဲ့ဆိုရင် အန္တရာယ်မရှိလောက်ပါဘူးလို့ထင်ထားတတ်ကြပေမယ့် တကယ့်ကို အကြီးအကျယ် အန္တရာယ်ဖြစ်စေတတ်တဲ့  သာမာန်မြင်တွေနေကြ အရာတွေဟာ ဒုက္ခပေးဖို့ ချောင်းမြောင်းနေတတ်ပါတယ်။

ကိုယ့်ရဲ့ခွေးလေးတွေကိုအကောင်းဆုံးနည်းလမ်းနှင့်ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုရင်တော့သင်တို့ရဲ့ အဖော်ခွေးကလေးတွေကို ဒုက္ခပေးဖို့ အမြဲချောင်းနေတတ်တဲ့ ပုန်းကွယ်နေတဲ့ အရာတွေကို သိထားသင့်ပါတယ်။

၁။ချောကလက်

ပိုင်ရှင်တွေအတွက်တော့ ချောကလက်က သွားရည်ယိုစရာပါ။ ဒါပေမယ့် ခွေးတွေစားမိရင်တော့ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ချောကလက်ဟာ ခွေးတွေအတွက် အဆိပ်ဖြစ်နိုင်ပါတယ်။  ချောကလက်စားမိရင် တက်တာ၊အသက်ရှုခက်တာနှင့် နှလုံးပုံမမှန်ဖြစ်တာတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ချောကလည်အမည်းတွေ၊ ချက်စားတဲ့ချောကလက်တွေနှင့် ကိုကာ ပေါင်ဒါတွေကို အထူးသတိထားရပါမယ်။နို့ချောကလက်က သိပ်မပြင်းထန်ပါဘူး။ ဒါပေမယ့်လည်း စားတဲ့ အရေ အတွက်ပေါ်မူတည်ပြီး ဒုက္ခပေးတတ်ပါတယ်။ အဲဒါကြောင့် ချောကလက်ကို ခွေးတွေမြင်နိုင်တဲ့ ရောက်နိုင်တဲ့နေရာတွေ မှာမထားပါနှင့်။ နောက်တစ်ခုက ကလေးတွေကလည်း ခွေးတွေကို ချောကလက်ကျွေးတတ်တာကိုလည်း သတိထားပါ။  အခြား အဆိပ်ဖြစ်စေတဲ့ အစာတွေက မက္ကာဒမီယာအခွံမာသီးတွေနှင့်ကြက်သွန်နီတွေ  အစိမ်းလိုက်ပဲဖြစ်ဖြစ် ချက်ပြုတ် ထားတာပဲဖြစ်ဖြစ် အန္တရာယ်ရှိပါတယ်။ စပျစ်သီးဟာလည်း ခွေးတွေရဲ့ အသည်းနှင့် ကျောက်ကပ်ကို ပျက်စီးစေတဲ့ အဆိပ် တွေရှိနေပါတယ်။ အဲဒါကိုလည်း ရှောင်နိုင်ရင်အကောင်းဆုံးပါ။

၂။ ကော်ဖီနှင့်လက်ဖက်ရည်

ကျွန်ုပ်တို့အားလုံးဟာ တစ်နေ့တာလုံး ကော်ဖီနှင့်လက်ဖက်ရည်သောက်နေရတာ နှစ်ချိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြိုက်တဲ့ အဲဒီအရည်တွေဟာ ကိုယ်ချစ်တဲ့ ခွေးတွေအတွက် အန္တရာယ်ဖြစ်စေပါတယ်။ ကဖီးပါတဲ့ အချိုရည်တွေဟာ ခွေးတွေကို သွေးတိုးတာ၊တက်တာ၊ကိုယ်အပူချိန်အလွန်အမင်းကျတာနှင့် မူမမှန်တဲ့နှလုံးခုန်တာတွေ ဖြစ်စေတတ်ပါတယ်။  ခွေးတွေဟာ ကော်ဖီ နှင့် လက်ဖက်ရည်ကို တစ်ငုံလောက်သောက်မိရင်ကို အန္တရာယ်ဖြစ်စေတတ် ပါတယ်။အကောင်းဆုံးတော့ အဲဒါတွေကို ခွေးတွေနှင့် ဝေးဝေထားဖို့ပါပဲ။

၃။ စားကြွင်းစားကျန်နှင့်အမှိုက်ပုံးများ

စားကြွင်းစားကျန်တွေနှင့် အမှိုက်တွေထည့်ထားတဲ့ အမှိုက်ပုံးတွေဟာလည်း ခွေးတွေကို စူးစမ်းစပ်စုစေတတ်တဲ့  အရာ တွေဖြစ်ပါတယ်။ အမှိုက်ပုံးတွေထဲမှာ အရိုးတွေ၊ လက်ဖက်ခြောက်အိတ်တွေနှင့် အခြား အစားအသောက်ဘူးက သံတိုသံစ တွေစသဖြင့် ခွေးတွေစားမိရင် အန္တရာယ်ဖြစ်စေတဲ့ အရာတွေ အများကြီးရှိနေပါတယ်။ ချက်ထားတဲ့ အရိုးတွေဟာ သင့် ခွေးရဲ့ပါးစပ်ကို ပြတ်သွားပဲ့သွားစေစတတ်ပါတယ်။ အဲဒါကြောင့် အမှိုက်ပုံကို အသေအချာအလုံအခြုံထုတ်ပိုးပါ။ အဖုံးကို အလွယ်ဖွင့်လို့မရအောင်အသေအချာလုပ်ထားပါ။

၄။ အိမ်သန့်ရှင်းရေးပစ္စည်းများ

အိမ်သန့်ရှင်းရေးပစ္စည်းတွေက မသုံးတဲ့အခါ ပုံမှန်အားဖြင့်တော့ အသေအချာပိတ်ပြီးသိမ်းထားတတ်တယ်လို့ ထင်ရတတ် ပါတယ်။ ဒါပေမယ့် ဒါပေမယ့် ခွေးတွေအတွက် ရာနှုန်းပြည့် စိတ်မချရပါဘူး။ ခွေးတွေဟာ အရည်တွေကိုလျှာနှင့်ရက်ပြီး ပုလင်းတွေ ဘူးတွေကိုလည်း ကြိတ်ဝါးတတ်ကြပါသေးတယ်။ အိမ်တွင်းသန့်ရှင်းရေးပစ္စည်းတွေဟာ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေပါဝင်ပြီး ခွေးတွေကို သေစေနိုင်ပါတယ်။ အဲဒါကြောင့် သန့်ရှင်းရေးပစ္စည်းတွေ၊သုတ်ဆေးတွေ၊ကော်တွေ၊ ရေခဲဖျော်ပစ္စည်းတွေကို အသေအချာ လုံလုံခြုံခြုံသိမ်းထားဖို့သင့်ပါတယ်။ နောက်တစ်မျိုးကတော့ အဲဒါတွေဝယ်ရင် အိမ်မွေးတိရစ္ဆာန်တွေအတွက် ‘pet friendly’ ပစ္စည်းတွေ ရွေးဝယ်ရင်လည်း ကောင်းပါတယ်။

၅။ အရုပ်အသေးကလေးများနှင့် အရာဝတ္တုအသေးများ

ခွေးတွေက အားလုံးကို ကိုက်ချင်ဝါးချင်ကြတယ်။ သေးငယ်တောက်ပြောင်တဲ့ အရုပ်ကလေးတွေဟာ ကလေးတွေလိုပဲ သူတို့ကိုလဲ အင်မတန်ဆွဲဆောင်နေပါတယ်။ အဲဒါတွေဟာ စပ်စုတတ်တဲ့ ခွေးတွေအတွက် ပျော်စရာတစ်ခုဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒါတွေဟာ သူတို့ကို အသက်ရှုပေါက်ပိတ်သွားစေနိုင်တဲ့ အရာဝတ္ထုတွေပါ။  အရုပ်အသေးကလေးတွေကို လုံခြုံတဲ့ ပုံးထဲထည့်ထားပြီး အဆော့သန်တဲ့သူတို့ကလေးတွေ လက်လှမ်းမမီတဲ့ နေရာမှာထားပါ။  ပြီးတော့ သကြားလုံး ထုတ်ထားတဲ့ စက္ကူအပတ်တွေ၊ နားကြပ်တွေနှင့် လက်ဝတ်ရတနာတွေကိုလည်း ဒီအတိုင်းချမထားမိစေဖို့ သတိပြုပါ။ အဲဒါတွေအားလုံးဟာ  စားသောက်ဖို့ တကဲကဲလုပ်နေတဲ့ ခွေးတွေအတွက် အန္တရာယ်ရှိစေလို့ဖြစ်ပါတယ်။

၆။ သစ်သီးပင်နှင့်အပင်များ

သစ်သီးပင်နှင့် အပင်တွေဟာ ဥယျဉ်ကလေးကို ပိုပြီး တောက်ပစေပြီး ရှုစဖွယ်ဖြစ်စေပါတယ်။ ဒါပေမယ့် ဒါတွေအားလုံး ခွေးတွေအတွက်တော့ အန္တရာယ်တွေပါ။ အံအားသင့်စရာက အရည်ရွှမ်းတဲ့ ချယ်ရီတွေ၊ မက်မန်းသီး၊မက်မွန်းသီးတွေရဲ့ အစေ့တွေ အဆန်တွေဟာ သေစေနိုင်တဲ့ ဆိုင်ယာနိုက်တွေပါဝင်နေတတ်ပါတယ်။

ဒီအသီးတွေကို ခွေးတွေစားမိရင် အလွယ်တကူအဆိပ်သင့်စေတတ်ပါတယ်။ အစေ့ကြီးတွေက အသက်ရှုပေါက်ဆို့သွား စေတတ်ပါတယ်။ ခြံထဲက ကျူးလစ်၊လီလီ၊ဒက်ဖလိလ်၊အက်ဇလီယာတို့ဟာလည်း ခွေးတွေအတွက် အဆိပ်တွေပါ။ အန်တာ၊ ဝမ်းပျက်တာနှင့် အသည်းအသန်ဖျားနာတာတွေဖြစ်စေတတ်ပါတယ်။ သင့်ရဲ့ခွေးက အဲဒီအဆိပ်ရှိတဲ့အရွက်တွေ ၊ပန်းပွင်တွေ၊ပင်စည်တွေကိုမတော်တဆဝါးမိတယ်ဆိုရင် တိမွေးကုဆရာဝန်ဆီချက်ခြင်းသွားပြပါ။ ဆရာဝန်ကဘယ်လို ကုသရမယ်ဆိုတာ သိရအောင် စားမိတဲ့ အပင်ကိုလည်း နမူနာယူသွားပါ။

၇။ မြက်အားဆေးနှင့် ဓာတ်မြေဩဇာများ

သန်စွမ်းတဲ့မြက်တွေထိန်းသိမ်းထားတာကောင်းပါတယ်။ ဒါပေမယ့် အဲဒီမြက်တွေကိုကျွေးရတဲ့ အဟာရကတော့ တစ်ခါ တစ်ခါ ခွေးတွေကိုအဆိပ်ဖြစ်စေတဲ့ ဆာလ်ဖိတ်တွေပါဝင်နေတတ်ပါတယ်။ အဲဒါတွေက ခွေးတွေရဲ့ အရေပြားကို ဒုက္ခပေး  တတ်ပြီး အစာအိမ်ပြသနာနှင့် သံအဆိပ်သင့်တာဖြစ်စေပါတယ်။ ဓာတ်မြေဩဇာတွေ၊ ပေါင်းသတ်ဆေးတွေနှင့် ပိုးသတ် ဆေးတွေဟာလည်း ထိုနည်းတူတူပါပဲ။ အရိုးတွေနှင့် အသားစိမ်းတွေကလုပ်ထားတဲ့ မြေဩဇာတွေဆိုရင်ပန်ကရိယပျက် စီးစေတတ်သလို အူပိတ်တာတွေလည်းဖြစ်စေတတ်ပါတယ်။ အဲဒီပစ္စည်းတွေ စနစ်တကျအသုံးပြုနိုင်ဖို့ အညွှန်းကို အသေအချာဖတ်ပါ။ အဲဒါကြောင့် အိမ်လုပ် သဘာဝမြေဩဇာတွေကို အသုံးပြုဖို့လည်း တိုက်တွန်းချင်ပါတယ်။

၈။ ဆေးနှင့်ကျန်းမာရေးဖြည့်စွက်ဆေးများ

ပိုင်ရှင်တွေအဖို့ ဆေးကောင်တာမှာ အလွတ်ဝယ်လို့ရတဲ့ ဗိုက်တာမင်လိုမျိုးဆေးတွေအတွက် သိပ်စိတ်ပူကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီဆေးတွေက တိရိစ္ဆာန်တွေစားဖို့ မဟုတ်ပါဘူး။ အကိုက်အခဲပျောက်တဲ့ ပါရာစီတမော်နှင့် အိုင်ဘူပရိုဖင်တို့ဟာ ခွေးတွေကို အန္တရာယ်ပေးပါတယ်။ ဗိုက်တာမင်နှင့် သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးတွေမှာ သံနှင့် သွပ်ဓာတ်တွေပါဝင်နိုင်ပါတယ်။ အဲဒါတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါတယ်။ ကိုယ့်ခွေးအတွက် စိတ်ပူတယ်ဆိုရင် တိမွေးကုဆရာဝန်တွေဆီက အကြုံတောင်းခံသင့်ပါတယ်။

Source: Pets Radar

#Eight_hidden_dangers_for_dogs

#Dogs_Lovers_advice

#Pets_Lovers