#World_Science
Published 28 November 2022

ခွေးတွေက အနံ့ခံအာရုံ အလွန်ကောင်းမွန်တာကို အားလုံးသိပြီးသားဖြစ်မှာပါ။

 

တိရိစ္ဆာန်စိတ်အမူအရာဆိုင်ရာမှာ အသိအမှတ်ပြုချက်ရရှိထားတဲ့ ဟောင်ကောင် DogManGoWoof dog ခွေးလေ့ကျင့်ရေးဌာနမှ 'ဒက်ဘိုရာဒီ့ပ်စ်'က ပြောကြားရာမှာ ခွေးရဲ့နှာခေါင်းက လူသားတွေထက် အဆပေါင်းထောင်ချီပြီး အာရုံခံနိုင်တယ်လို့ ဆိုပါတယ်။

 

အနံ့ခံအာရုံနဲ့ဆိုင်တဲ့ ခွေးတွေရဲ့ဦးနှောက်အစိတ်အပိုင်းက လူသားဦးနှောက်အစိတ်အပိုင်းထက် အဆ ၄၀ မျှ ပိုမိုကြီးမားပါတယ်။

ခွေးတွေရဲ့အနံ့ခံအာရုံကို အသုံးချကာ တရားမဝင်ဆေးများ၊ ဆင်စွယ်များ၊ လက်နက်များ၊ လူပျောက်များ၊ အလောင်းများကို ရှာဖွေလာကြပါတယ်။

 

မြောက်အိုင်ယာလန် ကွင်းစ်တက္ကသိုလ်မှ တိရိစ္ဆာန်စိတ်ပညာရှင် ဒေါက်တာ'ကလဲရာဝီလ်ဆန်'က ကင်ဆာ၊ ပါကင်ဆန်ရောဂါ၊ ကိုဗစ်တို့လို လူတွေရဲ့ကျန်းမာရေးအခြေအနေများကို အနံ့ခံနိုင်တဲ့ ခွေးများကို လေ့ကျင့်သင်ကြားပေးနေပါတယ်။

 

'ဒီ့ပ်စ်'ရဲ့လူနာတစ်ဦးဟာ ရင်သားကင်ဆာရှိနေပြီး သူ့ရဲ့ခွေးလေးက ရင်သားတစ်ဖက်ကို အဆက်မပြတ်နမ်းရှုံ့နေရာကနေ သိရှိခဲ့တာဖြစ်ပါတယ်။

 

"ခွေးတွေက လူတွေနေမကောင်းတဲ့အခါ ဖြစ်တဲ့နေရာကို လျက်ပေးတတ်ကြပါတယ်၊ လက်ကောက်ဝတ်ကျိုးတုန်းကလည်း ခွေးလေးက လျက်ပေးနေခဲ့တယ်" လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်းရော စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုပါ ခွေးတွေက သိရှိနိုင်ပြီး အသက်ရှူထုတ်ရာမှ အမှုန်များနဲ့ ချွေးတို့ကို အနံ့ခံပြီး စိတ်ဖိစီးနေလားဆိုတာကို သိနိုင်ပါတယ်။

 

စိတ်ဖိစီးမှုခံစားနေရတဲ့သူဟာ အသက်ရှူထုတ်လိုက်တဲ့အခါ ဒါမှမဟုတ် ချွေးထွက်တဲ့အခါ အငွေ့ပျံနိုင်တဲ့ဒြပ်ပေါင်းအချို့ပါဝင်လာပြီး ခွေးတွေက ဒါကိုအနံ့ခံနိုင်တာဖြစ်ပါတယ်။

 

စမ်းသပ်မှုပြုလုပ်ရာမှာ ခွေးတစ်ကောင်ဆီကို လူတစ်ယောက်ဆီရဲ့ စိတ်ဖိစီးမှုအခြေအနေရှိတဲ့ ချွေးနဲ့ စိတ်ပြေလျော့တဲ့အခြေအနေရှိတဲ့ ချွေးတို့ကို ၄ မိနစ်ဆီခြားပြီး အနံ့ခံခိုင်းပါတယ်။

 

ခွေးတွေအားလုံးက လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှုအခြေအနေကို မှန်ကန်စွာခွဲခြားဖော်ပြနိုင်ခဲ့ပါတယ်။

 

ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အနံ့တွေမှာပါတဲ့ ဓာတုပစ္စည်းတွေကို ခွေးတွေက သိရှိနိုင်တာဖြစ်ကြောင်း 'ဒီ့ပ်စ်'က ဆိုပါတယ်။

 

ဝက်ရူးပြန်ရောဂါရှိသူတစ်ယောက် တက်တော့မယ်ဆိုရင်လည်း ခွေးတွေက အနံ့ခံသိရှိပြီး တုန့်ပြန်တတ်ကြပါတယ်။

 

ဆီးချိုရောဂါသည်ရဲ့ သွေးတွင်းသကြားဓာတ်ကိုလည်း သိရှိနိုင်ကာ သကြားဓာတ်မြင့်တက်ခြင်း ကျဆင်းခြင်းတို့ဖြစ်ပေါ်တဲ့အခါ သတိပေးတတ်ပါတယ်။

 

လူတွေမှာ စိုးရိမ်ပူပန်တတ်ခြင်းနဲ့ အဖြစ်အပျက်ဆိုးတစ်ခုခုကြောင့် ကြောက်ရွံ့နေခြင်းအခြေအနေ (PTSD)တို့ကိုလည်း ရှာဖွေရာမှာ အသုံးဝင်ပါတယ်။

 

PTSD အတွက် လေ့ကျင့်ရာမှာလည်း တိုးတက်မှုမြင်တွေ့နေရကြောင်း 'ဒီ့ပ်စ်'ကဆိုပါတယ်။

 

PTSD ဝေဒနာရှင်တွေ အိပ်မက်ဆိုးမက်တဲ့အခါမှာ ခွေးတွေကသိရှိနိုင်ပြီး အိပ်ရာထဲမှာ လူတွေကောင်းစွာအိပ်ပျော်နိုင်အောင် ခွေးတွေက အကူအညီပေးပါတယ်။

 

Source: SCMP
#Yangon_Media_Group