#World_Health
Published 18 November 2022

 

ကမ္ဘာပေါ်က လူ ၄ ယောက်မှာ ၁ ယောက်နှုန်းက သွေးတိုးရောဂါရှိနေပြီး ရောဂါရှိမှန်းမသိတတ်တာကြောင့် မကုသဘဲနေတတ်ကြပါတယ်။

 

အပေါ်သွေး ၁၄၀ ကျော်တာပဲဖြစ်ဖြစ်၊ အောက်သွေး ၉၀ ကျော်တာပဲဖြစ်ဖြစ်၊ နှစ်မျိုးစလုံးအဆိုပါပမာဏထက် ကျော်တာပဲဖြစ်ဖြစ် သွေးဖိအားများနေတယ်လို့ ယူဆပါတယ်။

 

လူတွေ မှားယွင်းနေတဲ့အရာက သွေးပေါင်ချိန်များနေပေမယ့် နေရထိုင်ရအဆင်ပြေနေတယ်ဆိုရင် ပြဿနာမဖြစ်ဘူးလို့ မှတ်ယူနေကြတာပါပဲ။

 

လူတွေက သူတို့ကိုယ်သူတို့ သွေးတိုးနေမှန်းမသိဘဲ ရောက်လာတဲ့လူနာတွေ မကြာခဏတွေ့ရတတ်ပါတယ်။

 

သွေးတိုးခြင်းကို မကုသဘူးဆိုရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်နိုင်ချေများပါတယ်။

 

အခြားဆက်စပ်ရောဂါတွေအနေနဲ့ ဆီးချို၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အဝလွန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
"သွေးဖိအားက ဆက်တိုက်မြင့်မားနေမယ်ဆိုရင် နှလုံးနဲ့ကျောက်ကပ်တို့မှာ ဝန်ထုပ်ဝန်ပိုးပိလာပြီး အချိန်ကြာလာတာနဲ့အမျှ အင်္ဂါတွေပျက်စီးသွားနိုင်ပါတယ်" လို့ ဟောင်ကောင်မှဆရာဝန်'ကေသီလီ'က ဆိုပါတယ်။

 

သွေးတိုးရောဂါက ကာကွယ်ကုသနိုင်ပြီးတော့ သွေးတိုးနေလားဆိုတာကို အဆက်မပြတ်စောင့်ကြည့်တိုင်းတာနေသင့်ပါတယ်။

 

အသက်အရွယ်ကြီးလာတာနဲ့အမျှ နှလုံးကနေညှစ်ထုတ်လိုက်တဲ့ သွေးတွေကိုသယ်ဆောင်တဲ့ သွေးလွှတ်ကြောတွေ ထူထဲလာကာ သွေးဖိအားများလာတာဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဟောင်ကောင်ကျန်းမာရေးဌာနမှ စစ်တမ်းကောက်ယူခဲ့ရာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားလူငယ်တွေထဲက ၄.၅ ရာခိုင်နှုန်းဟာ သွေးတိုးရှိခဲ့ပြီး အသက် ၆၅ နှစ်မှ ၈၄ နှစ်ကြားလူကြီးတွေကတော့ ၆၄.၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

 

သွေးတိုးခြင်းကို ကာကွယ်လျှော့ချနိုင်ရန် တစ်ပတ်ကို ၁၅၀ မိနစ်ခန့် သာမန်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း၊ ဆားလျှော့စားခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

အနည်းငယ်မျှ သွေးတိုးခြင်းက အထက်ပါနည်းလမ်းများဖြင့် ထိန်းသိမ်းနိုင်ပေမယ့် သွေးတိုးများတယ်ဆိုရင်တော့ ဆေးကုသမှုပါ လိုအပ်လာပါပြီ။

 

ဆေးတွေက ချက်ချင်းလက်ငင်းမသက်သာပေမယ့် ရေရှည်ကျန်းမာရေးပြဿနာတွေကိုတော့ လျော့ကျစေနိုင်တယ်ဆိုတာကို လူနာတွေသိထားသင့်ပါတယ်။

 

သွေးတိုးဝေဒနာကို မကုသဘဲထားလိုက်ရင် ပိုမိုဆိုးရွားလာနိုင်ပြီး ဆရာဝန်တွေ ဆေးသောက်ခိုင်းရတဲ့ အဓိကအကြောင်းအရင်းက လူနာရဲ့ရေရှည်ကျန်းမာရေးကို စိတ်ချရစေရန်ဖြစ်ပါတယ်။

 

Source: SCMP
#Yangon_Media_Group