#World_Politics
Published 18 November 2022

 

အမေရိကန်အောက်လွှတ်တော်ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဌဖြစ်သူ၊ အထင်ကရဥပဒေများကို ထိန်းသိမ်းသတ်မှတ်ခဲ့ပြီး ပြစ်တင်စွပ်စွဲချက် ၂ ခုကို ဦးဆောင်ခဲ့သူ၊ ဒီမိုကရက်တစ်ပါတီရဲ့ ရှေ့ဆောင်လမ်းပြလည်းဖြစ်သူ 'နန်စီပယ်လိုစီ'ဟာ သူ့ရဲ့ဥက္ကဌရာထူးကို လွှဲပြောင်းတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

 

ရီပတ်ဘလစ်ကန်များက လွှတ်တော်ကို ထိန်းချုပ်ခွင့်ရရှိပြီး နောက်တစ်ရက်အကြာမှာပဲ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။

 

'ပယ်လိုစီ'ဘက်တော်သားများက အောက်လွှတ်တော်ဥက္ကဌရာထူးကို ဆက်ခံနိုင်ချေရှိတဲ့ 'ဟာကင်မ်ဂျက်ဖရီစ်'ထံ အလျင်အမြန်စုရုံးနေကြပါတယ်။

 

ရီပတ်ဘလစ်ကန်တွေကတော့ သမ္မတ'ဘိုင်ဒင်'ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို ဟန့်တားနိုင်မယ့် သူတို့ပါတီမှလူတစ်ဦးကို ဥက္ကဌတင်မြှောက်ရန် ပြင်ဆင်နေကြပါတယ်။

 

'ပယ်လိုစီ'နေရာကို ဆက်ဆံမယ့်သူကတော့ ကြားနေဝါဒီများနဲ့ လက်ဝဲခြမ်းတို့ကြား ကွဲပြားနေတဲ့ အောက်လွှတ်တော်ဒီမိုကရက်များကို ပေါင်းစည်းရမယ့်တာဝန်ရှိလာမှာဖြစ်ပါတယ်။

 

အသက် ၈၂ နှစ်အရွယ်'ပယ်လိုစီ' အောက်လွှတ်တော်မိန့်ခွန်းမှာ ကြေညာချက်ထုတ်ပြန်စဉ် ရီပတ်ဘလစ်ကန်အများစု မတက်ရောက်ခဲ့ပေမယ့် ဒီမိုကရက်တွေကတော့ အများအပြားအားပေးခဲ့ကြပါတယ်။

 

ဒါပေမဲ့ ၃၅ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အောက်လွှတ်တော်ကနေ အပြီးအပိုင်အနားယူတာမဟုတ်ဘဲ ဆန်ဖရန်ဆစ္စကိုကို ဆက်လက်ကိုယ်စားပြုသွားဦးမှာဖြစ်ကြောင်း သိရပါတယ်။

 

"ကျွန်မအလွန်တန်ဖိုးထားရတဲ့ ဒီမိုကရက်တစ်ပါတီအစည်းအဝေးကို နောက်ထပ်မျိုးဆက်ဆီ လွှဲပေးဖို့အချိန်ကျပါပြီ၊ ဒီရာထူးအတွက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပြီး အဆင်သင့်ဖြစ်နေကြတဲ့လူတွေ အများကြီးရှိနေတာ ကျေနပ်စရာပါပဲ" လို့ 'ပယ်လိုစီ'က ပြောကြားခဲ့ပါတယ်။

 

'ပယ်လိုစီ'ဟာ အောက်လွှတ်တော်ဒီမိုကရက်မှာ ဆယ်စုနှစ် ၂ ခုကြာတာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၇ ကနေ ၂၀၁၁ အထိ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၉ ကနေ လက်ရှိအချိန်ထိလည်း ဥက္ကဌအဖြစ် နောက်တစ်ကြိမ်တာဝန်ယူထားပါတယ်။

 

'ပယ်လိုစီ'က ဒီမိုကရက်တစ်သမ္မတနှစ်ယောက်ရဲ့ ဥပဒေပြုရေးအစီအစဉ်တွေကို ထိန်းသိမ်းရာမှာ အဓိကနေရာမှပါဝင်ခဲ့သလို ၂၀၁၀ ခုနှစ်က သမ္မတ'ဘာရက်အိုဘားမား'ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ အခြေခံအဆောက်အအုံများနဲ့ ရာသီဥတုဆိုင်ရာရင်းနှီးမြှုပ်နှံခြင်းများ၊ 'ဘိုင်ဒင်'လက်ထက် သေနတ်ဥပဒေထိန်းချုပ်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

 

သမ္မတ'ဘိုင်ဒင်'က 'ပယ်လိုစီ'နဲ့ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်အစဉ်အလာထဲမှာ အထင်ရှားဆုံးဥက္ကဌဖြစ်တယ်လို့ မှတ်ချက်ပြုသွားပါတယ်။

 

အောက်လွှတ်တော်မှာ ဥက္ကဌတင်မြှောက်ရန်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဒီမိုကရက်တစ်တွေ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။
နယူးယော့ခ်မှ 'ဂျက်ဖရီစ်'က ကွန်ဂရက်လွှတ်တော်မှာ ပင်မပါတီအစည်းအဝေးတစ်ခုကို ဦးဆောင်မယ့် ပထမဆုံးလူမည်းဥပဒေအမတ် ဖြစ်လာဖွယ်ရှိပါတယ်။

 

အောက်လွှတ်တော်ဒီမိုကရက်တစ်တွေထဲမှာ ငယ်ရွယ်သူများကို အခွင့်အာဏာပေးဖို့ ပြီးခဲ့တဲ့နှစ်များအတွင်း 'ပယ်လိုစီ'ကို ဖိအားပေးခဲ့ကြပါတယ်။

 

ပါတီရဲ့ဦးဆောင်သူတွေဟာ အသက်အရွယ်ကြီးရင့်သူတွေသာဖြစ်နေတာကို မေးခွန်းထုတ်လာကြပြီး 'ဘိုင်ဒင်'ကိုယ်တိုင်ကလည်း တနင်္ဂနွေနေ့မှာ အသက် ၈၀ ပြည့်မှာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group