#World_Health
Published 16 November 2022

 

လူအများစုဟာ သာမန်အားဖြင့် တစ်နေ့ကို ၆ ကြိမ် ၇ ကြိမ်ခန့် ဆီးသွားတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် အနည်းငယ်ကွဲပြားနိုင်ပါတယ်။

 

ညအိပ်ရင်း ဆီးထသွားတတ်တာကလည်း ပုံမှန်ဖြစ်ပေမယ့် တစ်နေ့ကို ၁၀ ကြိမ်အထက် ဆီးသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

 

ဆီးသွားခြင်းဟာ အဆိပ်အတောက်အညစ်အကြေးတွေ စွန့်ထုတ်ရာနည်းလမ်းဖြစ်ပြီး အရေးအကြီးဆုံးလုပ်ငန်းစဉ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

 

၁၀ ကြိမ်ထက်ပိုများပြီး ဆီးသွားနေရင်တော့ အောက်ပါရောဂါအခြေအနေတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

 

(၁) ဆီးချို

သွေးထဲမှာ အချိုဓာတ်များတဲ့အခါ ကျောက်ကပ်တွေက ဂလူးကို့စ်စုပ်ယူစစ်ထုတ်ဖို့ ပိုပြီးအလုပ်လုပ်ရတာကြောင့် ဆီးများများသွားတတ်ပါတယ်။

 

(၂) လေဖြတ်ခြင်း

ဦးနှောက်ဆီကို အောက်ဆီဂျင်သယ်ဆောင်လာတဲ့ သွေးကြောက ပိတ်ဆို့ခြင်း ဒါမှမဟုတ် ပေါက်ပြဲသွားခြင်း ဖြစ်တဲ့အခါ ဆီးအိတ်ကိုဆက်သွယ်နေတဲ့ အာရုံကြောများလည်း ထိခိုက်ပြီး ဆီးအိတ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး။

 

(၃) ဆီးကျိတ်ကြီးထွားခြင်း

အသက် ၅၀ ကျော်ယောက်ျားတွေမှာ ဆီးကျိတ်ကြီးထွားလာတတ်ပြီး ဆီးအိတ်နဲ့ ဆီးလမ်းကြောင်းပေါ် ဖိအားများစေကာ ခဏခဏဆီးသွားတတ်တဲ့အပြင် ဆီးသွားရခက်ခဲစေပါတယ်။

 

(၄) ဆီးအိတ်ကင်ဆာ

ဆီးသွားခြင်းဖြစ်စဉ်အတွင်း ဆီးအိတ်က အရေးကြီးကဏ္ဍကပါဝင်ပြီး အကျိတ်ပေါ်လာတဲ့အခါ ဆီးသွားခြင်းအပေါ် သက်ရောက်စေပါတယ်။
ဆီးအိတ်က ပြည့်မနေဘဲနဲ့လည်း မကြာခဏဆီးသွားချင်တဲ့ဆန္ဒ ပေါ်လာတတ်ပါတယ်။

(၅) လိင်မှတဆင့်ကူးစက်တဲ့ ရောဂါများ
ထိုရောဂါများဖြစ်ပွားတဲ့အခါ ဆီးများများသွားချင်ပြီးတော့ ဆီးသွားတဲ့အခါ ပူစပ်ခြင်း၊ အရောင်နောက်ခြင်း၊ အနံ့ပြင်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

 

(၆) ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဘက်တီးရီးယားများ ဆီးလမ်းကြောင်းထဲဝင်ပြီး ရောင်ရမ်းခြင်းဖြစ်စေကာ မကြာခဏဆီးသွားတတ်ပြီးတော့ ဆီးထဲသွေးပါတတ်ပါတယ်။

 

(၇) ကိုယ်ဝန်ရှိခြင်း

ဗိုက်ထဲ သန္ဓေသားတည်လာခြင်းက ဆီးအိတ်ပေါ်ဖိအားများလာပြီး ခဏခဏဆီးသွားချင်ပါတယ်။

 

ကိုယ်ဝန်ရှိနေကြောင်းမသိရှိခင် အစောပိုင်းကာလတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

 

(၈) ကဖင်းဓာတ် အသောက်များခြင်း

ကော်ဖီနဲ့ လက်ဘက်ရည်တို့မှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ဆီးသွားခြင်းကိုအားပေးပြီး ဆီးထဲကနေတဆင့် အရည်များများစွန့်ထုတ်ပေးပါတယ်။

 

Source: The Sun
#Yangon_Media_Group