#World_News
Published 16 November 2022

 

ရုရှားနိုင်ငံလုပ် ဒုံးပျံတစ်စင်းဟာ နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်သို့ကျရောက်ခဲ့ကာ လူ ၂ ဦးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီးတော့ နေတိုးနဲ့ ကမ္ဘာ့ခေါင်းဆောင်များ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ယခုဖြစ်ရပ်ကြောင့် ယူကရိန်း-ရုရှားပဋိပက္ခကနေ နယ်စပ်တွေအထိပါ ရောက်ရှိလာမှာကို စိုးရိမ်ပူပန်နေကြပါပြီ။ ရုရှားဘက်ကတော့ ဒါဟာသူတို့နဲ့မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

 

အဆိုပါဒုံးပျံဟာ ယူကရိန်းနယ်စပ်နဲ့ ၆ ကီလိုမီတာအကွာရှိ ပိုလန်အရှေ့ပိုင်းရွာပါဇယ်ဝေါ့ဒိုသို့ အင်္ဂါနေ့ ညနေ ၃ နာရီ ၄၀ မိနစ်မှာ ကျရောက်ခဲ့တာဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုလိုက်ပါတယ်။

 

အမည်မဖော်လိုသူလူတစ်ဦးရဲ့ ပြောကြားချက်အရ သေဆုံးသူနှစ်ဦးဟာ ဂျုံစပါးစက်ရုံတစ်ခုအနီးနားက လူတွေဖြစ်ကြောင်း ပြောပြပါတယ်။

 

ပိုလန်ဘက်က အသေးစိတ်အကျဆုံးမှတ်ချက်ကတော့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ပဲရှိပါသေးတယ်။

 

အမေရိကန်နဲ့ အနောက်တိုင်းမဟာမိတ်နိုင်ငံတွေက စုံစမ်းနေဆဲဖြစ်ပြီး ရွာကိုကျရောက်ခဲ့တဲ့ ဒုံးကျည်တွေက ရုရှားကပစ်လိုက်တဲ့ဒုံးကျည်တွေဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယင်းအဖွဲ့အစည်းရဲ့ ပုဒ်မနံပါတ် ၅ အရ စုပေါင်းကာကွယ်ရန် ကတိကဝတ်ပြုထားတာကြောင့် အခုလိုမျိုး ရုရှားဒုံးကျည်က ပိုလန်ကိုကျရောက်တာဟာ ဖေဖော်ဝါရီလက စတင်ကျူးကျော်မှုဖြစ်ခဲ့တဲ့ ရုရှား-ယူကရိန်းပဋိပက္ခဟာ ပိုမိုကျယ်ပြန့်လာနိုင်ပါတယ်။

 

ပုဒ်မနံပါတ် ၄ အရ မဟာမိတ်နိုင်ငံများကြားညှိနှိုင်းဆွေးနွေးရန် ပိုလန်နိုင်ငံက နေတိုးအစည်းအဝေးပြုလုပ်ဖို့ တောင်းဆိုလိုက်ကြောင်း ဥရောပသံတမန် ၂ ဦးက ပြောကြားလိုက်ပါတယ်။

 

ပိုလန်က အချို့သောတပ်ဖွဲ့တွေကို အသင့်အနေအထားပြင်ဆင်ခိုင်းထားကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

 

ပိုလန်အရာရှိတွေက အခြေအနေကို ပိုဆိုးမလာအောင် ထိန်းသိမ်းစေချင်ပြီး ပိုလန်လူမျိုးအားလုံး စိတ်အေးအေးထားဖို့ပြောကြားလိုက်ကာ ဒုံးကျည်ပစ်တဲ့သူဘယ်သူလဲဆိုတာကို အထောက်အထားနဲ့ မပြနိုင်သေးကြောင်း သမ္မတကဆိုပါတယ်။

 

အမေရိကန်က နေတိုးထံကတိပြုထားတဲ့အတိုင်း ဆောင်ရွက်ရန်နဲ့ ပိုလန်ရဲ့စုံစမ်းစစ်ဆေးမှုမှာ ထောက်ခံသွားမှာဖြစ်ကြောင်း 'ဘိုင်ဒင်'က ဖုန်းဆက်ပြောကြားခဲ့ပါတယ်။

 

ဂျာမနီ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ နယ်သာလန်၊ နော်ဝေ၊ ပြင်သစ်တို့ကလည်း စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

 

ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က ရုရှားဒုံးကျည်များ ပိုလန်ကိုပစ်ခတ်ခြင်းဟာ ပဋိပက္ခပိုမိုပြင်းထန်လာစေလိမ့်မယ်လို့ ပြောကြားလိုက်ပြီး အထောက်အထားတော့ မပြနိုင်သေးပါဘူး။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပိုလန်ကို ရုရှားဒုံးကျည်ပစ်ခတ်ခြင်းအပေါ် ငြင်းပယ်လိုက်ကာ ဒါဟာ အခြေအနေကို ပိုမိုဆိုးရွားအောင် တမင်ရန်စတာဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

 

လစ်သူရေးနီးယားသမ္မတက နေတိုးနယ်မြေတွေကို တစ်လက်မမကျန် ထိန်းသိမ်းကာကွယ်ရမှာဖြစ်တယ်လို့ တွစ်တာမှာဖော်ပြခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group