Published 13 Nov 2022

တောင်အာဖရိကအမျိုးသမီးတစ်ဦးဟာ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်ဖို့အတွက် ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားတဲ့အနေနှင့် ဝိတ်ချဝါယာကြိုးတွေနှင့် ပါးစပ်ကိုတုပ်နှောင်ပိတ်ခဲ့တယ်လို့သိရပါတယ်။

အက်ဗီဝီမာဇော့စ်စီဝီဟာ ရင်သားသေးအောင်ခွဲစိတ်ကုသမယ့်တစ်ဦးအတွက်လိုအပ်တဲ့ BMI ခန္ဓာအလေးချိန်ညွှန်းကိန်း ရရှိဖို့ သူ့ခန္ဓာကိုယ်အလေးချိန်ကိုချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

သူမဟာ ၁၂ကီလိုဂရမ် ဝိတ်ကျသွားဖို့အတွက် ပြတ်တောင်းပြတ်တောင်း အစားမစားဘဲနေခဲ့ပါတယ်။ ဒါပေမယ့် ကိုယ် အလေးချိန်က ထင်သလိုကျမသွားဘဲ တန်းနေတဲ့အခါ  ဒီ့ထက်ပိုပြီး ပြတ်သားတဲ့ ဆောင်ရွက်မှုတွေ လုပ်မှဖြစ်တော့မယ်လို့ သူမက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနှစ်ဇွန်လမှာတော့ သူမရဲ့သွားတွေကို ဝိတ်ချဝါယာကြိုးတွေ တပ်ဆင်ခဲ့ပါတော့တယ်။

သွားနှင့်မေးရိုးဆိုင်ရာ ကွင်းတွေထဲမှာ ဝါယာကြိုးတွေ ရစ်ပတ်ထားပါတယ်။ အဲဒါကို တပ်ဆင်မယ့်သူရဲ့ သွားတွေမှာ တပ်ဆင်ပေးပြီး ပါးစပ်ဟလို့မရအောင်လုပ်ရတာဖြစ်ပါတယ်။ သူမရဲ့အတွေ့အကြုံကို တစ်တော့ပေါ်မှာ တင်ပြီးတဲ့နောက် အဆိုပါ အငြင်းပွားစရာဖြစ်နေတဲ့ ဝိတ်ချပစ္စည်းလေးကို လူတွေ အတော်စိတ်ဝင်စားခဲ့ကြပါတယ်။

“ မကောင်းတဲ့ မှတ်ချက်တွေ ကျွန်မ အများကြီးရတယ်။ ဒါပေမယ့် အားလုံးကို ကျွန်မ မမှတ်မိဘူး။ ကျွန်မအနေနှင့် အဲဒါတွေအပေါ်အာရုံမထားမိအောင်ကြိုးစားနေတယ်” လို့ အက်ဗီဝီက ဗြိတိန်ထုတ် သူရိယ အပျော်ဖတ်သတင်းစာကို ပြောပါတယ်။

“  ကျွန်မအကြောင်း ရှယ်ပေးတုန်းက ဒီအက်ပလီကေးရှင်းဟာ  ကျွန်မအတွက် အသစ်အဆန်းဖြစ်နေတုန်းပါ။ မကောင်းတဲ့မှတ်ချက်တွေက ဒီအလုပ်တစ်ခုလုံးကို ကျွန်မရပ်ပစ်ချင်လာတယ်”လို့ မာဇော့စ်စီဝီက ပြောပါတယ်။

“ ဒါပေမယ့် ကျွန်မ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်မရှယ်သင့်တဲ့ကိစ္စလို့ ခံစားရလို့ ဖြစ်တယ်။ အဲဒီအပြင် ကောင်းတဲ့မှတ်ချက်တွေက မှတ်ချက်ဆိုးတွေကို ချေဖျက်ပစ်လိုက်တာပဲ”

အက်ဗီဝီဟာ ဝိတ်ချဝါယာကို ဇွန်လကုန်မှာ စတင် တပ်ဆင်ခဲ့ပြီး (၇)ပတ်တိတိ  ဆက်လက်တပ်ဆင်ထားခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ ၁၄.၃ ကီလိုဂရမ်( ၃၁.၅ ပေါင်)တိတိ ဝိတ်ကျခဲ့ပါတယ်။

သူမရဲ့မေးရိုးတွေစိထားရတဲ့အတွက် သူမဟာ စမုသီလို၊ဟင်းချိုလိုနှင့် ဒိန်ချဉ်လို အရည်မျိုးတွေကိုသာ စားသုံးခဲ့ကြရ ပါတယ်။ အရသာကောင်းတဲ့ ဟင်းချိုတွေသောက်ရတဲ့အခါ သူမဟာ စားချင်စိတ်ကို မနည်းချုပ်တီးထားရတယ်လို့ ပြော ပါတယ်။

ဝိတ်ချဝါယာတွေဖြုတ်ပစ်ပြီးတဲ့အခါ သူမဟာ သူမအကြိုက် ဂျလာပင်နိုဘာဂါကို စားချင်စိတ်ပြင်းပြခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ တစ်ရက်စောင့်ဆိုင်းခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးရိုးဟာ ပုံစံအသေနှင့် (၇)ပတ်ကြာနေခဲ့ရတဲ့အတွက် သူမရဲ့ ကြွက်သားတွေ ဖြေလျော့ဖို့ အချိန်ပေးဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။

“ ဒီအလုပ်က နည်းနည်း အစွန်းရောက်ပေမယ့် ကျွန်မအတွက် အတော်အထောက်အကူဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာလရှည်တစ်ခုအထိ ကျွန်မဟာ သန့်ရှင်းတဲ့အစားအစာပဲစားခဲ့ရပြီး စည်းကမ်းကို လိုက်နာခဲ့ရတာ ကြောင့်ဖြစ်တယ်” လို့ အက်ဗီဝီကပြောပါတယ်။ ဝိတ်ချဝါယာဟာ လူတိုင်းအတွက်တော့ မဖြစ်နိုင်ဘူးလို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။

“ ရှင်တို့အနေနှင့် အဆင်သင့်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်နေတဲ့အချိန်မှ ဒါကိုလုပ်ပါ။ အထူးသဖြင့် ကိုယ်က အစားကို ရူးသွပ်တဲ့သူဆိုရင်ပေါ့” လို့ သူမကပြောပါတယ်။

Source: The Sun

#Slimming_wires

#South_African_Woman_Weight_Loss_Program

#Aviwe_Mazosiwe