Published 13 Nov 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အရှေ့တောင်အာရှခေါင်းဆောင်တွေက ဦးဆောင်တဲ့ နိုင်ငံတကာထိပ်သီးအစည်းအဝေးတစ်ခုမှာ အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံကို ရည်ညွှန်းပြောဆိုရာမှာ ကိုလံဘီယာနိုင်ငံလို့ သုံးနှုံးသွားခဲ့တဲ့အကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။

“ အခု ကျွန်တော်တို့ ဒီနေရာ ကမ္ဘောဒီးယားမှာ ပြန်လည်အတူဆုံကြပြီ။  ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီးတဲ့ တိုးတက်မှုတွေထက်ပိုပြီး ခိုင်မာတဲ့ တိုးတက်မှုတွေကို တည်ဆောက်ဖို့ မျှော်လင့်ရည်သန်ပါတယ်။ အာဆီယဥက္ကဋ္ဌ နှင့် ကျွန်တော်တို့အားလုံး ကို အိမ်ရှင်အဖြစ်ဆောင်ရွက်ပေးတဲ့ “ကိုလံဘီယာ” ဝန်ကြီးချုပ်ရဲ့ ခေါင်းဆောင်မှုကို ကျွန်တော် ကျေးဇူးတင်လိုပါတယ်” လို့ ဖနွမ်းပင်က အာဆီယံခေါင်းဆောင်တွေနှင့် တွေ့ဆုံရာမှာ ဘိုင်ဒင်ကပြောခဲ့တာပါ။

သူက လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ညွှန်းဆိုရာမှာ အဲသလိုကိုလံဘီယာဝန်ကြီးချုပ်လို့ မှားယွင်းပြောဆိုမိခဲ့တာ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ တောင်အမေရိကားက “ကိုလံဘီယာ”ကို စိတ်ထဲစွဲနေပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အာရှကို လာဖို့ အိမ်ဖြူတော်ကနေ ထွက်ခွာတုန်းမှာ အလားတူအမှားဖြစ်ခဲ့ပါသေးတယ်လို့ အေအက်ဖ်ပီကရေးပါတယ်။

“ ကျွန်တော် ကိုလံဘီယာကို သွားတော့မှာဖြစ်တယ်” လို့  သတင်းထောက်တွေကို ပြောပြီးခါမှ ချက်ခြင်းပင် “ ကျွန်တော်ဆိုလိုတာ ကမ္ဘောဒီးယားပါ” လို့ အမှားပြင်ခဲ့ပါတယ်။

ယခုလမှာ အသက်(၈၀)ပြည့်မှ ဘိုင်ဒင်ကို  ဝါရှင်တန်မှာ စကားခဏခဏမှားပြောတတ်သူအဖြစ် သိထားကြပါတယ်။

သူ့ရဲ့အတိုက်အခံ ရီပတ်ဘလီကန်တွေက အဲဒါတွေကို အကြောင်းပြုပြီး သူဟာ သမ္မတရာထူးအတွက် သိပ်အိုနေပြီလို့ ဝေဖန်ကြပါတယ်။

သူ့ကိုထောက်ခံသူတွေကတော့ အဲသလိုပြောကြတာတွေဟာ  “အိုပယ်” ဝါဒပဲလို့ ပြောလိုက်ပြီး သမ္မတဟာ ကလေးဘဝက စကားထစ်ခဲ့တာကို ကြိုးစားကျော်လွှားခဲ့ရတယ်။ ပြီးတော့ ဆယ်စုနှစ်များစွာ လူထုကို စကားပြောရာမှာလည်း လက်တန်းပြောဆိုခဲ့လို့ ဖြစ်တယ်လို့  ကာကွယ်ချေပခဲ့ကြပါတယ်။

Source: AFP/Reuters

ရုပ်သံကြည့်ရန်.....https://fb.watch/gMvfv1FJk4/

#Biden_ASEAN

#Biden_Columbia

#Columbia_Cambodia