#World_Military
Published 7 November 2022

 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ လတ်တလောစစ်ရေးလေ့ကျင့်မှုများဟာ ရန်စတဲ့သဘော ရှင်းရှင်းလင်းလင်းပေါ်လွင်နေပြီး အန္တရာယ်များတဲ့ စစ်ပွဲအသွင် ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယားက တနင်္လာနေ့မှာ ဝေဖန်လိုက်ပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားက ပစ်ခတ်လိုက်ပြီး တောင်ကိုရီးယားကမ်းရိုးတန်းနားကို ကျရောက်ခဲ့တဲ့ ဒုံးကျည်အစအနများကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ကြေညာလိုက်ပါတယ်။


ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဘက်မှ ပစ်လွှတ်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)ဟာ မအောင်မြင်ခဲ့ဟန်ရှိပြီး ပင်လယ်ထဲသို့ အမြှောက်ကျည်များစွာ ပစ်ခတ်ခဲ့ပါသေးတယ်။

 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လေကြောင်းစစ်ရေးလေ့ကျင့်မှုများကို ၆ ရက်တိုင် လေ့ကျင့်ခဲ့ကြပြီး စနေနေ့က ပြီးဆုံးခဲ့ပါပြီ။

 

မြောက်ကိုရီးယားစစ်တပ်ဘက်က ပြောကြားရာမှာ “သူတို့ရဲ့လေ့ကျင့်မှုတွေက ရန်ဆောင်တဲ့သဘောရောက်နေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ တင်းမာမှုမြင့်တက်လာအောင် ပြုလုပ်နေတာဖြစ်ပြီး စစ်ပွဲအတွက်လေ့ကျင့်နေတဲ့ ပုံစံဖြစ်နေပါတယ်” လို့ ပြောကြားလိုက်ပါတယ်။

 

မြောက်ကိုရီးယားဟာ အဓိကရန်သူတော် တောင်ကိုရီးယားရဲ့မြို့ကြီးရှိ လေတပ်အခြေစိုက်စခန်းနဲ့ လေယာဉ်များကို တိုက်ခိုက်မယ့် ပုံရိပ်ယောင်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ဆိုလိုက်ပါတယ်။

 

ဒုံးကျည်ပစ်လွှတ်မှုတွေက တစ်နေ့တည်းနဲ့ အများဆုံးပစ်ခတ်ခဲ့တာလည်းဖြစ်ပြီး နျူကလီးယားလက်နက်ပိုင်မြောက်ကိုရီးယားတို့ စံချိန်တင်ပစ်ခတ်ခဲ့တဲ့နှစ်လည်း ဖြစ်နေပါတယ်။


၂၀၁၇ ခုနှစ်က မြောက်ကိုရီးယားတို့ နျူကလီးယားလက်နက်ပြင်ဆင်မှုပြီးနောက်ပိုင်း အခုပြန်လည်ဆောင်ရွက်လာတာဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်အရာရှိများက ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားမှပစ်ခတ်ပြီး တောင်ကိုရီးယားကမ်းရိုးတန်းနား ကျရောက်ခဲ့တဲ့ တာတိုပစ်ဒုံးကျည်ရဲ့ အစအနလို့ ယူဆရတဲ့အပိုင်းအစများကို တောင်ကိုရီးယားသင်္ဘော‌တစ်စီးက တွေ့ရှိခဲ့ပါတယ်။

 

တောင်ကိုရီးယားရေတပ်ကယ်ဆယ်ရေးသင်္ဘောက ရေငုပ်စူးစမ်းလေ့လာရေးကိရိယာဖြင့် အသုံးပြုရှာဖွေခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အစိတ်အပိုင်းတွေကို ဆန်းစစ်လျက်ရှိပါတယ်။

 

Source: Reuters
#Yangon_Media_Group