Published 30 Oct 2022

အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ မျောက်ဝံကြီးတစ်ကောင်ဟာ သူမရဲ့ ဘဝတလျောက်လုံးနီးပါးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဈေးဝယ်စင်တာကြီးတစ်ခုကြီးရဲ့ ခုနှစ်ထပ်မှာ သတ္တုလှောင်အိမ်ထဲ တစ်ကောင်တည်းနေခဲ့ရတဲ့အတွက် သူမကို ကမ္ဘာ့ အထီးကျန်ဆုံးမျောက်ဝံကြီးအဖြစ် အမည်ပေးထားကြပါတယ်။

ဘွာနွိုင်းဆိုတဲ့ အဲဒီဂေါ်ရီလာမျောက်ဝံမကြီးဟာ အဲဒီ လှောင်အိမ်ထဲထည့်ထားခံရပြီးနောက် သူမရဲ့ အမြဲတမ်းနေအိမ် အဖြစ် ဆယ်စုနှစ်သုံးစုကျော်ကြာ အဲဒီအထဲမှာပဲ နေထိုင်ခဲ့ရပါတယ်။ သူမဟာ ကိုးရိုးကားယားနိုင်လှတဲ့ တိရိစ္ဆာန်ဥယျဉ်တစ်ခုရဲ့ အဓိကဆွဲဆောင်စရာတွေထဲက တစ်ခုဖြစ်နေပါတယ်။ဘန်ကောက်ရဲ့ ရှေးအကျဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့  ပါတာပင်ကလို ကုန်တိုက်ကြီးအတွင်းမှာ အဲဒီတိရစ္ဆာန်ရုံထားရှိတာပါ။

ထိုင်အစိုးရနှင့် တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေက သူမကို ဒီ့ထက်သင့်တော်မယ့်နေရာကို ရွှေ့ပြောင်းပေးပါလို့မေတ္တာရပ်ခံခဲ့ကြပေမယ့် ပိုင်ရှင်က ငြင်းဆန်ခဲ့ပါတယ်။

သူမရဲ့ ကျန်ရှိတဲ့ ဘဝအချိန်တွေကို အခြားသော သူမရဲ့မျိုးတူသတ္တဝါများနှင့်အတူ ဘေးမဲ့တောတစ်ခုမှာ ထားပေးဖို့ ဘွာနွိုင်းရဲ့ပိုင်ရှင်က ယနေ့ထက်တိုင်ငြင်းဆန်နေဆဲလည်းဖြစ်ပါတယ်။

“ဒီစုတ်ပြတ်ညံ့ဖျင်းလှတဲ့ နေရာအနေအထားကို နိုင်ငံတကာက  ကမ္ဘာ့အဆိုးရွားဆုံးတိရိစ္ဆာန်ရုံဆိုပြီး ရှုတ်ချကြတယ်”လို့  တိရိစ္ဆာန်အခွင့်အရေးကာကွယ်ရေးတစ်ဖွဲ့ဖြစ်တဲ့ PETA  ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဂျေဆင်ဘေကာက ပြောပါတယ်။

“ပါတာ တိရိစ္ဆာန်ရုံကို လူတိုင်းက ဖိအားတွေပေးကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ပြီးတော့ PETA အနေနှင့် ဒီတိရိစ္ဆာန်တွေအားလုံးကို  သူတို့ရဲ့ ကိုယ်နှင့်စိတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်နာမည်ကောင်းရထားတဲ့ ဘေးမဲ့တော နေရာတွေမှာ အငြိမ်းစားပေးလိုက်ဖို့ ဆောင်ရွက်ခွင့်ကိုပါတောင်းဆိုပေးပါ” လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကလည်း သူ့အနေနှင့်  ကြာပန်းလေးလို့ အဓိပ္ပါယ်ရတဲ့ ဘွာနွိုင်းကို အခြာသော ဂေါ်ရီလာတို့နှင့်အတူ နေထိုင်ပျော်ရွှင်ခွင့်ရဖို့ တောရိုင်းဘေးမဲ့တော်ထဲ လွှဲပြောင်းပေးတာကို မြင်ချင် နေပါတယ်။ ဒါပေမယ့် ဝန်ကြီးရဲ့ အတွင်းရေးမှူးတစ်ဦးက ဒီမျောက်ဝံကြီးဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုတစ်ခုဖြစ်လို့ နေရာ ရွှေ့ပြောင်းချင်ရင် ပိုင်ရှင်ခွင့်ပြုချက်လိုအပ်တယ်လို့ သူ့ကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။

“ အန္တရာ ယ်ပြုနိုင်တဲ့တိရစ္ဆာန်တွေနှင့် တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်တဲ့ ဥပဒေ မပြဋ္ဌာန်းခင်မှာ  ပိုင်ရှင်က ဘွာနွိုင်းကို ဝယ်ခဲ့တာဖြစ်ပါတယ်။ ဘွာနွိုင်းကိုအားပေးကြသူတွေဆီက ကျွန်တော်တို့ အလှူခံခဲ့ကြပါတယ်။ ဒါပေမယ့် ခက်တာက ပိုင်ရှင်က ဘွာနွိုင်းကို မရောင်းနိုင်ဘူးတဲ့။  သူက ရောင်းမယ်လို့ ဆိုတဲ့ အခါမှာလည်း ဈေးကသိပ်ကြီးလွန်းနေတယ်” လို့ ဝန်ကြီး သန်နက်ပို သန်နာဘိုညာဝက် ကပြောပါတယ်။

ထိုင်းသတင်းအရင်းအမြစ်တွေရဲ့အဆိုအရ ဘွာနွိုင်းရဲ့ပိုင်ရှင်က သူ့ကိုလွှတ်ပေးဖို့ ဒေါ်လာ ရှစ်သိန်းတောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံကိုပိုင်တဲ့ ကုမ္ပဏီက သူ့ကိုရောင်းဖို့ ဈေးအညှိမခံဘူးလို့လည်းဆိုပါတယ်။ မျောက်ဝံကြီးကို ကောင်းစွာစောင့်ရှောက်ထားပြီး သူမဟာ ကိုယ်ရောစိတ်ပါ ဘာဖိအားမှ မခံစားရဘူးလို့ ကုမ္ပဏီရဲ့ကိုယ်စားလှယ်တွေကပြောပါတယ်။

“ အင်တာနက်ထဲမှာ ဘွာနွိုင်းပုံတွေမြင်ရတဲ့သူတွေက သူမဟာ ဝမ်းနည်းကြေကွဲနေတယ်လို့ပြောကြတယ်။ တကယ်တမ်းတော့ သူတို့ဟာလည်း လူတွေလိုပါပဲ။ အချို့တွေမှာ ဝမ်းနည်းတဲ့မျက်နှာပိုင်ဆိုင်ကြပြီး အချို့ကပျော်ရွှင်တဲ့ မျက်နှာပိုင်ဆိုင်ကြတာဖြစ်တယ်” လို့ တိရိစ္ဆာန်ရုံ ညွှန်ကြားရေးမှူး ကန်နစ်ဆမ်ဆီရီမွန်ဂိုကပြောပါတယ်။

“ ဝေဖန်တာတွေကိုစိတ်ပူစရာမရှိပါဘူး။ သူမအကြောင်း ကျွန်တော်တို့က အသိဆုံးပါ” လို့ သူကပြောပါတယ်။

နိုင်ငံတကာက ဘာပဲပြောနေနေ၊ တိရိစ္ဆာန်ရုံပိုင်ရှင်ကိုယ်တိုင်က လွှတ်မပေးဘဲနှင့်တော့ ဘာတစ်ခုမှတော့ လုပ်ပေးနိုင်ကြမှာမဟုတ်ပါဘူး။  မျောက်ဝံတွေဟာ တောထဲမှာ အသက် ၃၅နှစ်မှ ၄၀နှစ်အထိနေနိုင်ကြပြီး ကျွေးမွေးပြုစုမှုအောက်မှာ နှစ် ၅၀လောက်နေနိုင်ကြပါတယ်။ အဲဒါကြောင့် ဘွာနွိုင်းဟာ သူမရဲ့ ရွှေရောင်ရက်တွေကိုတော့ ကျော်လွန်ခဲ့ပါပြီ။

Source: The Guardian

#Bua_Noi

#World’s_loneliest _gorilla

#Thailand_ Pata_Zoo