Published 29 Oct 2022

မြောက်ကိုးရီးယားက နျူကလီးယားတိုက်ခိုက်လာခဲ့ရင် အနည်းဆုံးရက်သတ္တပတ်နှစ်ပတ် ဓာတ်ရောင်ခြည် အဆိပ်သင့်ခြင်းမှရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး တောင်ကိုးရီးယား ဗိသုကာပါမောက္ခတစ်ဦးက မြေအောက်ဗုံးခိုကျင်း(ဘန်ကာ) တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

ပါမောက္ခ လီတေးဂိုဟာ ထူထဲတဲ့ ကွန်ကရစ်နံရံ၊ သံမဏိအားဖြည့် တံခါးတွေနှင့် လေသန့်စင်ရေးစနစ်တပ်ဆင်ထားတဲ့ မြေအောက်ဘန်ကာတစ်ခုကို မြေအောက်တစ်မီတာမှာ တည်ဆောက်ထားပါတယ်။ အဲဒီဘန်ကာဟာ သူ့ကို နျူကလီးယား ဘေးဆိုးကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး သမားရိုးကျ ဒုံးကျည်တစ်ခု တိုက်ရိုက်ထိမှန်တာကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

မြို့တော်ဆိုးလ်ကနေ အရှေ့တောင်ဘက် ၁၂၀ ကီလိုမီတာအကွာမှာရှိတဲ့ ဂျီချီယွန်မြို့က သူပိုင်မြေပေါ်မှာ အစိုးရက ရန်ပုံငွေဖြင့်တည်ဆောက်ထားတဲ့ အဆိုပါဘန်ကာဟာ နျူကလီးယားရေဒီယိုဓာတ်သတ္တိကြွတွေရဲ့အန္တရာယ်ကို တောင်ကိုးရီးယားနိုင်ငံသားတွေ လေးလေးနက်နက်ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး ပါမောက္ခလီရဲ့ စည်းရုံးလှုံဆော်မှု အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

“ ဒီကနေ ကီလိုမီတာ ၁၀၀လောက်ပဲဝေးတဲ့နေရာမှာ မြောက်ကိုးရီးယားရှိနေတယ်။ အဲဒီကနေ ဇီဝ ဒါမှမဟုတ် နျူကလီးယား ဒုံးကျည်တွေပျံသန်းလာနိုင်တယ်”လို့ ပါမောက္ခလီကပြောပါတယ်။

သူ့အနေနှင့် တောင်ကိုးရီးယားရဲ့ အိုမင်းနေပြီဖြစ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေထဲက တစ်ခုမှာ ဖူကူရှီမာပုံစံ မတော်တဆပျော်ကျတာမျိုးကိုလည်း အတော့်ကိုပူပန်နေပါတယ်။

“ တောင်ကိုးရီးယားနိုင်ငံသားတွေဟာ ကိုယ်ရေးကိုယ်တာသုံး ဗုံးခိုကျင်းတွေ တည်ဆောက်ဖို့ မလိုအပ်ခဲ့တာ နှစ်တွေအကြာကြီးရှိခဲ့ပါပြီ။  အခု အများသုံး ကျင်းတွေ မရှိဖြစ်နေတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။

တောင်ကိုးရီးယားစစ်တပ်က တိုက်ခိုက်မှုအပေါ် အဆုံးစွန်ပြင်ဆင်ထားတယ်လို့ ပြောနေပေမယ့်  အရပ်သားအများစုဟာ စစ်ဆိုတာကိုမေ့လျော့နေကြပြီး ဘာမှမပြင်ဆင်ထားကြဘူးလို့ ပါမောက္ခလီက ပြောပါတယ်။

တောင်ကိုးရီးယားမှာ တစ်နိုင်ငံလုံးအနေနှင့် ခိုလှုံရာ ဗုံးခိုကျင်းတွေ ၁၇,၀၀၀ ကျော်ကွန်ယက်တစ်ခု ရှိနေပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းများက ဆိုပါတယ်။ အဲဒီအထဲက ၃,၀၀၀ ကျော်ဟာ ဆိုးလ်မြို့တော်မှာရှိနေပါတယ်။

မြို့ရဲ့ မြေအောက်ရထားဘူတာရုံတွေဟာ လေကြောင်းတိုက်ခိုက်မှုအကာအကွယ်ယူဖို့နေရာတွေဖြစ်ပေမယ့် နျူကလီးယားဘေးကနေ မလုံခြုံဘူးလို့ဆိုပါတယ်။

၁၉၇၀ပြည့်လွန်နှစ်တွေတုန်းကတော့ အဓိကမြို့ကြီးတွေမှာ အဆောက်အဦတည်ဆောက်ရင်  စစ်အတွင်းဘန်ကာအဖြစ် သုံးနိုင်အောင် မြေအောက်အထပ်တွေထည့်သွင်းတည်ဆောက်ရမယ်ဆိုတဲ့ ဥပဒေရှိခဲ့ပါတယ်။

ဒါပေမယ့် ဆိုးလ်မှာ အိမ်ခြံမြေဈေးတွေက မြင့်တက်နေတော့ ပုဂ္ဂလိက အဆောက်အဦအများစုဟာ အဲဒီ မြေအောက်အထပ်တွေကို ကားရပ်နားဖို့နေရာတွေ ဒါမှမဟုတ် အော်စကာဆုရတဲ့ Parasite ဇာတ်ကားထဲမှာ တွေ့ရတဲ့ အေးစက်တဲ့ မြေအောက်အိမ်ခန်းတွေအဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။အဲဒါတွေကို ဆမ်ယွန်းတက္ကသိုလ်ဘွဲ့ရ ပါမောက္ခလီက စိတ်ပူနေပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ စစ်တပ်အတွက် ပထမတန်းစား ကျင်းတွေရှိပါတယ်။ ဒါပေမယ့် အရပ်သားတွေအတွက်က အတော့်ကိုအားနည်းနေတယ်လို့ သူကပြောပါတယ်။

လီတည်ဆောက်ထားတဲ့ ဘန်ကာဟာ ဝမ်ငွေ သန်း ၇၀ (စင်္ကာပူဒေါ်လာ ၆၉,၄၀၀)ကုန်ကျပါတယ်။ အဲဒီအထဲမှာ အလုပ်သမားခမပါသေးပါဘူး။ သူက ဒီဘန်ကာကို ပညာရေးဝန်ကြီးဌာနဆီ သုတေသနအဖြစ်တင်ပြခဲ့ရာမှာ အဲဒီက ရန်ပုံငွေထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

နျူကလီးယားဒဏ်ခံ ဘန်ကာတွေတည်ဆောက်သူတွေက ဒါကို လျို့ဝှက်ထားချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်ဖြစ်လာရင် မိတ်ဆွေတွေ၊မိသားစုတွေနှင့် အိမ်နီးချင်းတွေဆီက အကူအညီတောင်းတာတွေ အလျှံပယ် ဖြစ်လာမှာကို ကြောက်ကြပါတယ်။

“ ကျွန်တော်ကိုယ်တိုင် ဒီဘန်ကာကိုဆောက်တုန်းက အဲဒီသူတွေက နိုင်ငံသာ အတိုက်အခိုက်ခံရရင် ဒီဘန်ကာဆီ လာကြမယ်လို့ ကျွန်တော့်ကိုပြောကြတယ်ဗျာ။ ကျွန်တော်က သူတို့ကိုပြန်ပြောရတယ်။ ဒီ ဘန်ကာက လူ၁၂ ယောက်ပဲဆန့်တယ်လို့ “ လို့ ပါမောက္ခလီကပြောလိုက်ပါတယ်။

Source AFP

#Professor_Lee Tae-goo

#South_Korea

#Nuclear_proof_bunkers