#World_Politics
Published 28 October 2022

 

အမေရိကန်နဲ့ မဟာမိတ်များက သူတို့ရဲ့တစ်ကမ္ဘာလုံးဩဇာလွှမ်းမိုးမှု ကျဆင်းမသွားစေရန် အနောက်နိုင်ငံမှ အထက်တန်းလွှာလူတန်းစားများက မွှေနှောက်ကြံစည်နေကြတယ်လို့ ရုရှားသမ္မတ'ပူတင်'ကစွပ်စွဲလိုက်ကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာကြီးအနေနဲ့ အန္တရာယ်အကြီးမားဆုံးကာလကို ရင်ဆိုင်နေရကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

 

'ပူတင်'က ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲခဲ့တာကို နောင်တရစရာမရှိကြောင်း ဆိုလိုက်ကာ အနောက်နိုင်ငံက စစ်ပွဲဖြစ်လာအောင်လှုံ့ဆော်နေပြီး ကမ္ဘာတဝှမ်းမှာ မငြိမ်မသက်ဖြစ်လာအောင် ယုတ်မာတဲ့နည်းလမ်းတွေနဲ့ ကြံစည်နေကြောင်း စွပ်စွဲလိုက်ပါတယ်။

"ကမ္ဘာ့အရေးကိစ္စများအပေါ် အနောက်နိုင်ငံများရဲ့ လွှမ်းမိုးချုပ်ကိုင်မှုက အဆုံးသတ်တော့မယ်" လို့ 'ပူတင်'က မိန့်ခွန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

"ကျွန်ုပ်တို့ဟာ သမိုင်းဝင်နယ်နိမိတ်စည်းတစ်ခုကို ရောက်နေပါပြီ၊ ရှေ့မှာကြိုတင်မှန်းဆလို့မရတဲ့ အန္တရာယ်အရှိဆုံးသော အခြေအနေနဲ့ရင်ဆိုင်နေရကာ ဒုတိယကမ္ဘာစစ်အပြီး အရေးကြီးဆုံးဆယ်စုနှစ်အပိုင်းအခြားကို ရောက်နေပါတယ်" လို့ ဆိုပါတယ်။

 

ဒါ့အပြင် အနောက်နိုင်ငံရဲ့ လွှမ်းမိုးမှုကျဆင်းလာခြင်းဟာ တရုတ်လို အင်အားကြီးအာရှနိုင်ငံတွေ တိုးတက်လာတာနဲ့လည်း သက်ဆိုင်နေပါတယ်။

 

နျူကလီးယားစစ်ပွဲအကြောင်း စိုးရိမ်မှု၊ တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့ဆက်ဆံရေးအကြောင်း၊ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများသေဆုံးကြရတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း စတာတွေကို မေးမြန်းခဲ့ရာမှာ 'ပူတင်'က အေးဆေးသက်သာစွာ ဖြေကြားသွားပါတယ်။

 

စစ်ပွဲအတွင်း လူပေါင်းသောင်းချီသေဆုံးထားရသလို ကမ္ဘာပေါ်က သဘာဝအရင်းအမြစ်အများဆုံးတင်ပို့ရာ ရုရှားနိုင်ငံကို အနောက်နိုင်ငံတွေက သမိုင်းတလျှောက်အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။

 

ယူကရိန်းဘက်က လျှို့ဝှက်ကြံစည်ထားတဲ့ ဖောက်ခွဲမှုပြုလုပ်ပြီး ရုရှားကိုအပြစ်တင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း 'ပူတင်'ကစွပ်စွဲလိုက်ကာ အနောက်နိုင်ငံနဲ့ ယူကရိန်းတို့က ဒါဟာ သက်သေပြယုဂ်မရှိတဲ့ စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း တုံ့ပြန်လိုက်ပါတယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်လိုက်ခြင်းဟာ စစ်အေးကာလနောက်ပိုင်း ရုရှားနဲ့အမေရိကန်တို့ ပွဲကြီးပွဲကောင်းထိပ်တိုက်တွေ့ဆုံရဖွယ် ရှိနေပါတယ်။

 

နျူကလီးယားတင်းမာမှုအကြောင်း မေးမြန်းခဲ့ရာမှာလည်း 'ပူတင်'က နျူကလီးယားလက်နက်များရှိနေသရွေ့ နျူကလီးယားအန္တရာယ်ရှိနေကြောင်း ဖြေကြားခဲ့ပါတယ်။

 

ယူကရိန်းအရေးကိစ္စက အနောက်နိုင်ငံနဲ့ ရုရှားတို့ကြား တိုက်ပွဲတစ်ခုဖြစ်ကာ ယူကရိန်းအတွက်တော့ ကြေကွဲစရာကံကြမ္မာနဲ့ ဆုံတွေ့ရတာဖြစ်ကြောင်း ဆိုပါတယ်။

 

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သည်များ အသေအကြေများခြင်းကို အစဉ်တွေးတောနေပေမယ့် အနောက်နိုင်ငံကပြောသလို ဆုံးရှုံးမှုကြီးမားတာမျိုးမဟုတ်ကြောင်း ဆိုပါတယ်။

 

ယူကရိန်းရဲ့ နယ်မြေအာဏာပိုင်ဆိုင်မှုကို ရုရှားကသာ အာမခံနိုင်တယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးမှာ ကမ္ဘာကြီးရဲ့အနာဂတ်အတွက် အနောက်နိုင်ငံဟာ ရုရှားနဲ့ အခြားအင်အားကြီးနိုင်ငံများကို တွေ့ဆုံဆွေးနွေးလာရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

Source: CNA
#Yangon_Media_Group