#World_Health
Published 27 October 2022

 

အလုပ်ရှင်နဲ့ အဆင်မပြေတာမျိုး၊ အလုပ်ခွင်နေရာမှာ အဆင်မပြေတာမျိုးတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်ကြောင်း အမေရိကန်အထွေထွေခွဲစိတ်ဆရာဝန်ကြီးက တင်ပြခဲ့ပါတယ်။

 

အလုပ်သမားရေးရာ ပြဿနာများ လတ်တလောနှစ်များအတွင်း မြင့်တက်လာသလို ကိုဗစ်ကပ်ရောဂါကြောင့် ဝန်ထမ်းများပင်ပန်းနွမ်းနယ်ခြင်းနဲ့ လုပ်ငန်းခွင်အဆင်မပြေမှုများအပေါ် အာရုံစိုက်လာကြပါတယ်။

 

ဝန်ထမ်းရပိုင်ခွင့်များနဲ့ပတ်သက်ပြီး သတ်မှတ်ချက်များဖြင့် ကာကွယ်ပေးထားမယ့်ဥပဒေမျိုး အမေရိကန်မှာ ချမှတ်ထားပေမယ့် လုပ်ငန်းရှင်များအနေနဲ့ ဒီထက်ထောက်ပံ့နိုင်ပါသေးတယ်။

 

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုဖြစ်ပေါ်လာနိုင်တဲ့ အချက်အလက်များကို ဆရာဝန်ကြီးက ဖော်ပြခဲ့ပါတယ်။

 

အလုပ်နေရာနဲ့ဝေးကွာခြင်း၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်နည်းပါးခြင်း၊ လစာနည်းခြင်း၊ တာဝန်များစွာလုပ်ကိုင်ရခြင်း၊ အလုပ်ချိန်ဇယားခန့်မှန်းရခက်ခြင်း၊ အလုပ်ဝန်ပိခြင်း၊ အလုပ်ချိန်ကြာမြင့်ခြင်း၊ အသိအမှတ်ပြု မခံရခြင်း၊ တိုးတက်ရေးအခွင့်အလမ်း နည်းပါးခြင်းတို့ဖြစ်ပါတယ်။


လုပ်ငန်းခွင်ပတ်ဝန်းကျင်အဆင်မပြေခြင်း ဖြစ်နိုင်တဲ့အချက်များကတော့ လေးစားမှုမရှိခြင်း၊ ကျင့်ဝတ်မညီခြင်း၊ ရိုင်းစိုင်းခြင်း၊ ခေါင်းပုံဖြတ်ခြင်း တို့ဖြစ်ပါတယ်။

 

စိတ်ဖိစီးမှုဆက်တိုက်ဖြစ်ပေါ်လာပါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိလာနိုင်ကာ ထကြွဆန့်ကျင်ခြင်း ဒါမှမဟုတ် လက်လျှော့အရှုံးပေးခြင်းတို့ဖြင့် တုံ့ပြန်လာနိုင်ပါတယ်။

 

စိတ်ဖိစီးမှုများလာတဲ့အခါ ရောဂါဝင်ရောက်နိုင်ခြင်း၊ နာတာရှည်ရောဂါဖြစ်လာနိုင်ခြင်း၊ သွေးတိုးခြင်း၊ အိပ်ရေးပျက်ခြင်း၊ အဝလွန်ခြင်း၊ ကိုယ့်ကိုယ်ကိုကြံစည်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

အစ္စရေးလ်မှဝန်ထမ်းများဆိုရင် အလုပ်တာဝန်များလွန်းခြင်းကြောင့် အားလပ်ချိန်များမှာပါ အချိန်ပိုအလုပ်လုပ်နေကြရပါတယ်။

 

အရင်ကတည်းက လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုဆိုတာ ရှိစမြဲဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ပိုမိုဆိုးရွားလာကြပါတယ်။

 

၂၀၂၁ ခုနှစ် အမေရိကန်စစ်တမ်းတစ်ခုအရ ၇၆ ရာခိုင်နှုန်းသောဝန်ထမ်းတွေဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ အနည်းဆုံးတစ်မျိုးခံစားရကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ဒီလိုမျိုး ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်လာခြင်းက လုပ်ကိုင်နိုင်စွမ်းကျဆင်းလာပြီး လုပ်ငန်းအဖွဲ့အစည်းများကိုပါ ထိခိုက်လာစေပါတယ်။

 

ဒါကြောင့် ဝန်ထမ်းအလုပ်သမားများ ပျော်ရွှင်မှသာ လုပ်ကိုင်နိုင်စွမ်းမြင့်မားပြီး လုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပါတယ်။

 

ဝန်ထမ်းများ ပျော်ရွှင်စေဖို့ လုပ်ငန်းရှင်များဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကတော့ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းအတွင်း ဆက်ဆံရေးတိုးတက်စေခြင်း၊ လုပ်ငန်းတာဝန်မျှတအောင် စီမံခြင်း၊ သင့်တင့်ကောင်းမွန်တဲ့ လုပ်အားလစာပေးခြင်း၊ တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းပေးခြင်းတို့ ဖြစ်ပါတယ်။

 

ဝန်ထမ်းတွေရဲ့အခက်အခဲကို နားထောင်ခြင်းဖြင့်လည်း သူတို့ရဲ့ကျေနပ်မှုကို အထောက်အကူဖြစ်စေကြောင်း ဆရာဝန်ကြီးက အကြံပြုထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group