Published 27 Oct 2022

အဖွားတစ်ဦးရဲ့ တစ်ကိုယ်လုံးကို  ၂၂ပေရှည်လျားတဲ့ စပါးအုံးမြွေကြီးတစ်ကောင်က မြိုချခံရတဲ့ ဖြစ်ရပ် အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ပါတယ်။ တုန်လှုပ်စရာကောင်းတဲ့ဗွီဒီယိုတစ်ခုမှာ မြွေကြီးကို ခွဲကြည့်တဲ့အခါ အထဲမှာ အဖွားရဲ့ခန္ဓာကိုယ် ရုပ်ကြွင်းတွေကို တွေ့ရတာကိုရိုက်ကူးထားပါတယ်။

အသက် ၅၄ နှစ်အရွယ်  ဂျရာလို့သိကြတဲ့ အမျိုးသမီးကြီး  တနင်္ဂနွေနေ့က ဂျမ်ဗီပြည်နယ်က ရာဘာတောတစ်ခုမှာ ရာဘာစေးတွေခြစ်ဖို့ သွားခဲ့ရာ ပြန်မလာတော့တဲ့အတွက် လိုက်လံရှာဖွေခဲ့ကြရတယ်လို့ ရဲတပ်ဖွဲ့က CNN Indonesia ကို ပြောပါတယ်။

သူ့ခင်ပွန်းက အဲဒီနေရာတွေကို ရှာခဲ့ရာမှာ သူ့ဇနီးရဲ့ခြေညှပ်ဖိနပ်တစ်စုံ၊ ဂျာကင်၊ ခေါင်းစည်းပဝါနှင့် ဓားတစ်ချောင်းပဲ  တွေ့ခဲ့ရပါတယ်လို့ ဘာတာရာဂျမ်ဘီရဲချုပ် အေကေပီ ဟာရာဖာက သတင်းမီဒီယာကိုပြောတာဖြစ်ပါတယ်။

သူဟာ အဲဒီနေရာကိုပဲ နောက်တစ်နေ့မှာ အဖွဲ့တွေနှင့်ရောက်လာပြီး ထပ်ရှာပါတယ်။ခန္ဓာအလယ်ပိုင်းဗိုက် ဖောင်းကားနေတဲ့ မြွေကြီးတစ်ကောင်ကို သူတို့ မထင်မှတ်ဘဲတွေ့ပါတယ်။ဒါဟာ ကြီးမားတဲ့ အရာတစ်ခုခုကို သူမြိုခဲ့လို့ ပဲဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာ ရှာဖွေတဲ့အုပ်စုဟာ စပါးအုံးမြွေကြီးရဲ့ ဦးခေါင်းကို သစ်ကိုင်းနှင့် ထိုးချပြီးသတ်ပစ်ခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် ဖောင်းကားနေတဲ့နေရာက မြွေကြီးရဲ့ အရေခွံတွေကို ခွဲကြည့်ခဲ့ပါတယ်။

အဲဒီနောက် သူတို့ ဂရုတစ်စိုက် ဆွဲဟလိုက်တဲ့အခါ ပျောက်ဆုံးနေတဲ့ အဖွားရဲ့ မြိုချခံရတဲ့ ခန္ဓာကိုယ်ကို အံအားသင့်စွာ တွေ့ရှိကြရပါတော့တယ်။

“ အားလုံးအံ့အားသင့်ကုန်ကြတယ်” လို့ တာဂျန်ဂါဂျာကျေးရွာသူကြီး အန်တိုက ဗိုင်ရယ်သတင်းဌာနကကိုပြောပါတယ်။

“ ကျွန်တော်တို့ရှာနေတဲ့ အမျိုးသမီးကြီးကို မြွေဗိုက်ထဲမှာ တွေ့ကြရတာပဲ” လို့ သူကဆက်ပြောပါတယ်။

မြွေကြီးဟာ ဂျရာကို အရင်ဆုံးကိုက်ခဲ့ပုံရပါတယ်။ ပြီးမှာ ဂျရာ့ ခန္တာတစ်ခုလုံးကို ရစ်ပတ်ပစ်လိုက်ပြီး အသက်ရှုကြပ်အောင် လုပ်ပြီးမှ မြိုခဲ့ပုံရတယ်လို့ အန်တိုက ပြောပါတယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးဟာ အနည်းဆုံး နှစ်နာရီ လောက်ကြာနိုင်တယ်လို့လည်း သူကပြောပါတယ်။

ဒီမြွေကြီးဟာ ရွာမှာ အကြီးဆုံးမြွေလို့ ပြောလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ အရင်က ၂၇ ပေရှည်တဲ့ စပါးအုံးကြီး တစ်ကောင်တွေ့ခဲ့ဖူးလို့ဖြစ်တယ်လို့လည်း အန်တိုက ဆက်ပြောပြပါတယ်။

ဒါပေမယ့် အဲဒီမြွေကြီးက ထွက်ပြေးသွားလို့ ရွာသားတွေဟာ ဒီလို မြွေကြီးတွေ တောထဲမှာ ရှိနေမှာပဲဆိုပြီး စိတ်ပူနေခဲ့ကြတာဖြစ်ပါတယ်။

Source NYPost

#Big_python_swallowed_woman

#Indonesia_ Jambi_province

#Python_eats_woman