#World_Military
Published 20 October 2022

 

ရုရှားတို့က ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ယူကရိန်းရှိ ဓာတ်အားပေးစက်ရုံအချို့ ထိမှန်ပျက်စီးသွားရပြီးနောက် ကြာသပတေးနေ့မှာ တစ်နိုင်ငံလုံးပထမဆုံးအနေနဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ကန့်သတ်လိုက်ရပါတယ်။

 

လျှပ်စစ်ဓာတ်အားပေးဝေမှုကို နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ ကန့်သတ်သွားမှာဖြစ်ကြောင်း အစိုးရအရာရှိများနဲ့ ယူကရယ်နာဂိုဓာတ်အားလိုင်းရုံးတို့မှ ကြေညာလိုက်ပါတယ်။

 

လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အတတ်နိုင်ဆုံးလျှော့ချပြီး မသုံးစွဲဘူးဆိုရင် ယာယီဓာတ်အားပြတ်တောက်မှုဖြစ်လာနိုင်ကြောင်းလည်း သမ္မတလက်ထောက်တစ်ဦးက သတိပေးခဲ့ပါတယ်။

 

ဆောင်းရာသီကာလအတွင်း ဓာတ်အားသုံးစွဲမှု ခြိုးခြံဖို့ ထပ်မံတောင်းဆိုလာရနိုင်ပါတယ်လို့ ယူကရယ်နာဂိုရုံးက ပြောကြားခဲ့ပါတယ်။

 

ရုရှားတို့ဟာ လတ်တလောရက်များအတွင်း ယူကရိန်းရှိ ဓာတ်အားပေးစက်ရုံများနဲ့ ရေအားပေးအချက်အခြာစက်ရုံများကို အဓိကပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။

 

"အဓိကအဆောက်အအုံအချို့ ထပ်မံထိခိုက်ခဲ့ပြီး ဒီကနေ့မှာ စွမ်းအင်အချက်အခြာ အဆောက်အအုံ ၃ ခု ပျက်စီးခဲ့ပါတယ်"လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ဗုဒ္ဓဟူးနေ့ညချမ်းမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

 

"လာမယ့်ဆောင်းရာသီအတွက် ဖြစ်လာနိုင်တဲ့ကိစ္စများကို ကြိုတင်ပြင်ဆင်နေပါတယ်၊ ရုရှားတို့က စွမ်းအင်အဆောက်အအုံတွေကို အဓိကထားတိုက်ခိုက်နေတယ်လို့ ယူဆရပါတယ်၊ မဟာမိတ်များရဲ့အကူအညီနဲ့ ရန်သူဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ၁၀၀ ရာခိုင်နှုန်းပစ်ချနိုင်စွမ်းရှိလာမှာပါ" ယူကရိန်းနိုင်ငံရှိ ဓာတ်အားပေးစက်ရုံများရဲ့ ၃ ပုံ ၁ ပုံဟာ ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးထားရပြီဖြစ်ပါတယ်။

 

ထိခိုက်သွားတဲ့ ဓာတ်အားပေးစက်ရုံတွေကို ပြင်ဆင်ဖို့ လနဲ့ချီပြီးကြာနိုင်ကြောင်း လဗစ်ဗ်မြို့တော်ဝန်က ရုပ်သံမှာပြောကြားသွားပါတယ်။
ရုရှားတို့အသုံးပြုခဲ့တဲ့ အီရန်နိုင်ငံထုတ်ဒရုန်း စုစုပေါင်း ၂၃၃ စင်းကို ယူကရိန်းဘက်က ပစ်ချနိုင်ခဲ့ပါတယ်။

 

ကြာသပတေးနေ့ အစောပိုင်းကလည်း ယူကရိန်းတောင်ပိုင်းမြို့မိုင်ကိုလစ်ဗ်ကို ဒရုန်း ၅ စင်းတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုမည်မျှရှိသလဲဆိုတာကို သေချာမသိရသေးပါဘူး။

 

ရုရှားဟာ အီရန်နိုင်ငံထုတ် Shahed-136 kamikaze ဒရုန်းတွေနဲ့ ပစ်မှတ်များဆီသွားရောက်ပြီး ဖောက်ခွဲခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားကာ အီရန်ဘက်က လက်နက်ပစ္စည်းထောက်ပံ့တာကို ငြင်းဆန်လိုက်ပြီး ရုရှားတို့ကလည်း အသုံးမပြုဘူးလို့ ငြင်းလိုက်ပါတယ်။

 

ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က ကိစ္စရပ်တစ်ခုကို တင်ပြခဲ့ကြပြီး အီရန်တို့ဟာ ရုရှားကိုဒရုန်းများပေးပို့နေကြောင်း စွပ်စွဲလိုက်ပါတယ်။

 

ယူကရိန်းနဲ့ အနောက်နိုင်ငံတို့ စွပ်စွဲထားတဲ့အတိုင်း ထိုလက်နက်ဒရုန်းတွေက အီရန်ထုတ်ဟုတ်လား မဟုတ်လားဆိုတာကို စစ်ဆေးရန် ကုလဘက်ကနေ ကျွမ်းကျင်သူများစေလွှတ်မယ်ဆိုပါက ရုရှားအနေနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အကဲဖြတ်ရတော့မှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုသံအမတ်ကြီး'ဒီမစ်ထရီပိုလီယန်စကီ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group