#World_Business
Published 19 October 2022

 

အမေရိကန်ရေနံသိုလှောင်မှုမှ စံချိန်တင်ပမာဏဖြစ်တဲ့ နောက်ဆုံးစည်ပေါင်း ၁၅ သန်းကို ဈေးကွက်ထဲတင်တော့မှာဖြစ်ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

လောင်စာစွမ်းအင်ဈေးနှုန်းများ ထပ်မံမြင့်တက်လာပါက ဒီထက်ပိုပြီး ထုတ်လွှတ်သွားဦးမှာ ဖြစ်ကြောင်းလည်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်တာနဲ့ပတ်သက်ပြီး ရေနံဈေးနှုန်းမြင့်တက်လာခြင်းကို တုံ့ပြန်တဲ့အနေနဲ့ နွေဦးကာလမှာ ဗျူဟာမြောက်အရန်ရေနံသိုလှောင်မှုကနေ စည်ပေါင်းသန်း ၁၈၀ အပြီးသတ် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ အင်္ဂါနေ့က ပြောပြခဲ့ပါတယ်။

 

"ရုရှားပဋိပက္ခနဲ့ ကမ္ဘာ့ဈေးကွက်ပျက်စီးမှုများကြောင့် လိုအပ်တဲ့အခါ ရေနံတွေ ထပ်မံရောင်းချသွားဖို့ အစိုးရအဖွဲ့က ပြင်ဆင်နေပါတယ်"
အရေးပေါ်ရေနံသိုလှောင်မှုကနေ ထုတ်ယူတာဟာ ဟာရီကိန်းတိုက်ခတ်လို့ အရေးပေါ် ရေနံချက်စက်ရုံများပိတ်သိမ်းရတဲ့အခါမျိုးမှာ အသုံးပြုဖို့အတွက် ချန်ထားရလေ့ရှိပါတယ်။

 

ယခုဆုံးဖြတ်ချက်ဟာ စွမ်းအင်ဈေးကွက်တည်ငြိမ်စေဖို့နဲ့ ယူကရိန်းစစ်ပွဲကြောင့် ရိုက်ခတ်လာနိုင်တဲ့ အမေရိကန်စီးပွားရေးကို ကာကွယ်ဖို့ 'ဘိုင်ဒင်'က စွန့်စားလိုက်တာဖြစ်ပါတယ်။

 

ရေနံအဓိကတင်ပို့တဲ့နိုင်ငံဖြစ်တဲ့ ရုရှားက ဖေဖော်ဝါရီလက ယူကရိန်းကိုကျူးကျော်ပြီးနောက် အမေရိကန်နဲ့ ဥရောပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ရာ ကမ္ဘာ့ဈေးကွက် ကမောက်ကမဖြစ်ခဲ့ရပါတယ်။

 

ရုရှားက သူတို့ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ လောင်စာတင်ပို့ခြင်းကို စီးပွားရေးလက်ကိုင်တုတ်အဖြစ် အသုံးချကာ ယူကရိန်းကိုကူညီနေတဲ့ အနောက်နိုင်ငံကို ပြန်လည်ခြိမ်းခြောက်လာပါတယ်။

 

ဈေးနှုန်းအတော်အတန် ငြိမ်သက်သွားခဲ့ပေမယ့် ငွေကြေးဖောင်းပွမှုပြဿနာက အရေးကြီးဆုံးအခြေအနေရှိနေဆဲဖြစ်ကာ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တစ်တွေကို အနိုင်ရဖို့ တွန်းအားဖြစ်လာနိုင်ပါတယ်။

 

ရေနံစည်ပိုင်း ၁ ပိုင်းကို ဒေါ်လာ ၆၇ ကနေ ၇၂ ဒေါ်လာအတွင်း ဈေးနှုန်းရောက်ရှိပါက အရန်သိုလှောင်မှုမှာ ပြန်လည်ဖြည့်တင်းသွားမယ်လို့လည်း 'ဘိုင်ဒင်'က အသိပေးခဲ့ပါတယ်။

 

အရန်သိုလှောင်မှုက စည်ပေါင်းသန်း ၄၀၀ ကျော်ရှိနေတာကြောင့် ဒါဟာ အတော်များပြားတဲ့ အခြေအနေဖြစ်ပြီး စိတ်ချရတဲ့အနေအထားဖြစ်ပါတယ်။

 

Source: CNA
#Yangon_Media_Group