Published 14 Oct 2022

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှာ ကျောင်းကနေ အိမ်အပြန် ကျောင်းသူကျောင်းသားတွေတင်ဆောင်လာတဲ့ ဝန်ပိုဖြစ်နေတဲ့ ကူးတို့လှေတစ်စီးနစ်မြုပ်သွားတဲ့အတွက် ကလေးငယ်တွေ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြို့တော်ဖနွမ်းပင်ရဲ့ အရှေ့တောင်ဘက် ၅၃ ကီလိုမီတာအကွာမှာရှိတဲ့ ကန်ဒယ်ပြည်နယ်မှာ  ကြာသပတေးနေ့က လှေနစ်မြုပ်ပြီးနောက်  ကယ်ဆယ်ရေးအဖွဲ့ဟာ ကျောင်းသူကျောင်းသားတွေကို ရှာဖွေခဲ့ကြတယ်လို့ ပြည်နယ်ရဲချုပ် ချဟိုအမ်ဆိုချက်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

သေဆုံးတဲ့ကလေးတွေဟာ အသက် ၁၁နှစ်နှင့် ၁၄နှစ်အကြား ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

“နစ်မြုပ်ရတဲ့အကြောင်းရင်းက လှေပိုင်ရှင်ဟာ ဝန်ပိုတွေတင်လာလို့၊ ဂရုမစိုက်မှုတွေကြောင့်ဖြစ်တယ်။ လှေပေါ်မှာ အသက်အန္တရာယ်ကာကွယ်ရေးအတွက် အသက်ကယ်ဂျာကင်တွေလည်း မရှိဘူး” လို့ သူကဆိုရှယ်မီဒီယာပို့စ်ထဲမှာ ပြောထားပါတယ်။

ကလေးနှစ်ယောက်နှင့် လှေသမားလူကြီးနှစ်ဦးတို့ အသက်ရှင်ကျန်ရစ်တယ်လို့ အေအက်ဖ်ပီ သတင်းအရသိရပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းကြောင်း ပြောဆိုပါတယ်။ ကွယ်လွန်သူတွေရဲ့မိသားစုတွေကို ကူညီစောင့်ရှောက်ကြဖို့ အာဏာပိုင်တွေကိုမှာထားပါတယ်။

“ပြည်သူတွေ အထူးသဖြင့် မြစ်နားချောင်းနာနေသူတွေ ရေကြီးတာတွေက များသည်ထက်များလာလို့ သတိထားကြပါ” လို့လည်း သူကပြောပါတယ်။

 Source Channel News Asia

#Cambodia

#Mekong_River

#Boat_Sinking