Published 11 October 2022

နောက်ထပ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ နှစ်မျိုးမှာ ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရပြန်တဲ့အတွက် စင်္ကာပူတွင် ပြန်လည် သိမ်းဆည်းနေကြောင်းနှင့် ယခုအခါ စားသုံးရန် အန္တရာယ်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် အဆိုပါ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးရှိလာပြီဖြစ်တယ်လို့ စထရိတ်တိုင်းမ်သတင်းစာက သတင်းရေးသားထားပါတယ်။

နောက်ထပ် အက်သလင်းအောက်ဆိုက် တွေ့ရှိရတဲ့ Mie Sedaap အသင့်ခေါက်ဆွဲထုတ်ကုန်နှစ်မျိုးကတော့ Mie Sedaap's Kari Spesial အသင့်စားခေါက်ဆွဲခွက်အမျိုးအစားနှင့် Korean Spicy Chicken  အသင့်စားခေါက်ဆွဲခွက် အမျိုးအစားတို့ဖြစ်ကြပါတယ်လို့ စင်္ကာပူ အစားအစာ အေဂျင်စီကပြောပါတယ်။

အင်ဒိုနီးရှားကုန်စုံဆိုင်ဖြစ်တဲ့ Indostop စင်္ကာပူစတိုးကို အဲဒီအမျိုးအစားနှစ်မျိုးကို ပြန်လည်သိမ်းဆည်းဖို့ အေဂျင်စီက ညွှန်ကြားခဲ့ပါတယ်။

အောက်တိုဘာ(၈)ရက်ကလည်း Mie Sedaap Soto flavour နှင့် Mie Sedaap Curry flavour အသင့်စားခေါက်ဆွဲထုတ် တွေကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။

အဲဒီမတိုင်ခင် အောက်တိုဘာ (၆)ရက်က အဲဒီအမှတ်တံဆိပ်ထဲက Korean Spicy Soup နှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲနှစ်မျိုးကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။

ပြန်လည်သိမ်းဆည်းထားတဲ့ အသင့်စားခေါက်ဆွဲတွေထဲက ငရုတ်သီးမှုန့်တွေထဲမှာ အက်သလင်းအောက်ဆိုက် ပါဝင်နေ  တာ ဖြစ်တယ်လို့ သိရပါတယ်။

ထုတ်လုပ်တဲ့ PT Wings Surya ကုမ္ပဏီက Mie Sedaap အသင့်စားခေါက်ဆွဲတွေနှင့် ငရုတ်သီးမှုန့်တွေကို လက်လီဆိုင်တွေကနေ ပြန်လည်သိမ်းယူရာမှာ သွင်းကုန်လုပ်ငန်းရှင်တွေနှင့်အတူ လုပ်ဆောင်နေပါတယ်လို့ပြောပါတယ်။  သူတို့ရဲ့ထုတ်ကုန်တွေမှာ မသန့်တာတွေဖယ်ရှားနိုင်ဖို့ ဖော်စပ်နည်းကို ပြန်လည်ပြုပြင်မယ်လို့လည်း သူတို့ကပြောပါတယ်။

အက်သလင်းအောက်ဆိုက်ဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အစားအစာတွေမှာ သုံးဖို့ ခွင့်ပြုမထားပါဘူး။ အနည်းငယ်စားသုံးမိလို့ ချက်ခြင်းလက်ငင်း အကျိုးသက်ရောက်မှုမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အက်သလင်းအောက်ဆိုင်ကို ရေရှည်စားသုံးမိရင်  မျက်စေ့၊အရေပြား၊နှာခေါင်းနှင့်လည်ချောင်းဦအဆုပ်တို့မှာ မအီမသာဖြစ်စေနိုင်ပြီး ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီရဲ့အစီရင်ခံစာတစ်ခုအရ သိရပါတယ်။

အက်သလင်းအောက်ဆိုက်နှင့် ထိတွေ့မိရင်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်လည်းရှိတယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အက်သလင်းအောက်ဆိုက်တွေ့ရှိလို့ စင်္ကာပူမှာပြန်လည်သိမ်းဆည်းရတဲ့ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးမှာ -

  -Mie Sedaap Kari Spesial Instant Cup Noodles

- Mie Sedaap Korean Spicy Chicken Instant Cup Noodles

- Mie Sedaap Soto flavour instant noodles

- Mie Sedaap Curry flavour instant noodles

- Mie Sedaap Korean Spicy Chicken instant noodles

- Mie Sedaap Korean Spicy Soup instant noodles  တို့ဖြစ်ကြပါတယ်။

Source Straits Times

#Mie_Sedaap

#Ethylene_oxide

#Singapore_SFA