#World_News
Published 8 October 2022

 

ဘီလျံနာသူဌေးကြီး'အီလွန်မတ်စ်'က ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီချက်တစ်ခုဆိုပြီး အကြုံပြုခဲ့ရာ ရှုတ်ချဝေဖန်မှုများ ခံခဲ့ရပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်နဲ့ထိုင်ဝမ်အရေးမှာလည်း ထိုင်ဝမ်အပေါ် ထိန်းချုပ်နိုင်မှုအချို့ တရုတ်ကိုပေးလိုက်ခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။

 

"ကျွန်တော့်ရဲ့အကြံပြုချက်က ထိုင်ဝမ်အတွက် အထူးအုပ်ချုပ်ခွင့်ရေဇုံတစ်ခုသတ်မှတ်ပေးလိုက်တာပဲဖြစ်တယ်။ ဒါဟာ အကျိုးအကြောင်းဆီလျော်တဲ့ နှစ်လိုဖွယ်တစ်ခုပါ။ ဒါပေမယ့် လူတိုင်းကိုတော့ ပျော်ရွှင်စေနိုင်မယ့်ပုံတော့မရှိဘူး”လို့ ကမ္ဘာ့အချမ်းသာဆုံး မတ်စ်က ဖိုင်နယ်ရှယ်တိုင်းသတင်းစာရဲ့အင်တာဗျူးမှာပြောကြားခဲ့တာပါ။ သတင်းစာက တရုတ်အကြောင်းမေးမြန်းတဲ့အခါ ရှန်ဟိုင်းမှာ စက်ရုံကြီးဖွင့်ထားတဲ့ မတ်ခ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

 

ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ပိုင်ပြည်နယ်ဟု ပြောကြားနေခဲ့ပြီး ထိုင်ဝမ်ကို တရုတ်လက်အောက်သိမ်းသွင်းကာ လိုအပ်ပါက အင်အားသုံးသိမ်းယူဖို့ကိုလည်း ကာလရှည်အဆိုပြုထားပါတယ်။

 

ထိုင်ဝမ်ကတော့ တရုတ်ရဲ့အချုပ်အခြာအာဏာရပိုင်ခွင့်အဆိုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားကာ ပြည်သူ ၂၃ သန်းကသာ တိုင်းပြည်ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ ဆိုထားပါတယ်။

 

“ ပြီးတော့ ဒါဟာဖြစ်နိုင်တယ်။ သူတို့အနေနှင့် ဟောင်ကောင်ထက်ပိုပြီး သက်သက်ညှာညှာရှိမယ့် အစီအစဉ်မျိုးရနိုင်တယ်..ကျွန်တော်တော့ဖြစ်နိုင်တယ်ထင်တယ်” လို့ သူကသတင်းစာကိုပြောခဲ့ပါတယ်၊

 

ရှန်ဟိုင်းမှစက်ရုံဟာ မနှစ်က တက်စ်လာရဲ့ တစ်ကမ္ဘာလုံးပို့ဆောင်မှုတွေထဲက တဝက်လောက်အထိ ပါဝင်ပတ်သက်နေပါတယ်။ အဲဒီမှာရှိတဲ့ SpaceX ဒုံးပျံရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကိုလည်း 'မတ်စ်'က တရုတ်ကိုထောက်ပံ့မှာမဟုတ်ကြောင်း တရုတ်က အာမခံချက်ပေးထားတယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်အရေးကိစ္စက ရှောင်လွှဲလို့မရနိုင်ကြောင်း၊ အကျိုးရိုက်ခတ်မှုက တက်စ်လာကိုသာမက iPhone ထုတ်လုပ်သူ Apple ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းများအပေါ်ပါ သက်ရောက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

 

ဒီမှတ်ချက်တွေကို အင်တာဗျူးမှာ အကျယ်တဝင့်ဖော်ပြခြင်း မရှိပါဘူး။
အစောပိုင်းရက်သတ္တပတ်တုန်းကလည်း ယူကရိန်းက ခရိုင်းမီးယားကို ရုရှားထံ အပြီးအပိုင်ပေးအပ်ဖို့၊ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေအဆုံးအဖြတ်အတွက် ကုလပံ့ပိုးကူညီမှုဖြင့် လူထုဆန္ဒခံယူပွဲများကျင်းပဖို့နဲ့ ယူကရိန်းက ကြားနေနိုင်ငံအဖြစ်သဘောတူဖို့ 'မတ်စ်'က အကြံပြုလိုက်ပါတယ်။

 

တွစ်တာပေါ်ကနေ 'မတ်စ်'က သူ့ရဲ့အကြံပြုချက်တွေကို အလေးထားရန် တောင်းဆိုခဲ့ရာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
"အီလွန်မက်စ်ကို ဘယ်လိုလူဖြစ်စေချင်လဲ? ယူကရိန်းကို ထောက်ခံတဲ့သူလား ဒါမှမဟုတ် ရုရှားကို ထောက်ခံတဲ့သူလား?"

 

Source: Reuters
#Yangon_Media_Group