#World_Health
Published 8 October 2022

နေ့ခင်းနေ့လယ် တရေးအိပ်ခြင်းက နေရာတော်တော်များများမှာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီး ယနေ့ခေတ်အလုပ်ခွင်တွေမှာပါ လက်ခံလာကြပါပြီ။

 

တရေးအိပ်တတ်တဲ့သူတွေကို မေးကြည့်ရင် ဒီလိုအိပ်ခြင်းဖြင့် အာရုံစူးစိုက်မှု၊ ဖန်တီးနိုင်မှု၊ အလုပ်လုပ်ကိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေကြောင်း ပြောကြမှာပါ။

 

အခုလေ့လာချက်အသစ်မှာတော့ တရေးတမောအိပ်ခြင်းက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ချေနဲ့ ဆက်စပ်နေကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်။

 

ပုံမှန်အားဖြင့် နေ့ခင်းတရေးအိပ်သူတွေဟာ သွေးပေါင်ချိန်တိုးပြီး လေဖြတ်ခြင်းအန္တရာယ် ဖြစ်နိုင်ချေများကြောင်း ၂၀၂၂ ခုနှစ် Hypertension ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

တရေးအိပ်ခြင်းဖြင့် တရေးမအိပ်သူတွေထက် သွေးတိုးရောဂါဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်းပိုများပြီး လေဖြတ်ခြင်းအန္တရာယ် ၂၄ ရာခိုင်နှုန်းပိုများကြောင်း ချန်ရှာရှိတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။

 

ဒါတွေဟာ UK Biobank မှ အချက်အလက်များနဲ့ လူသန်းတဝက်ခန့်ရဲ့ ဆေးပညာအချက်အလက်များထံမှ အခြေခံထားတာဖြစ်ပါတယ်။

 

တရေးအိပ်တတ်တဲ့သူတွေထဲမှာ အမျိုးသားများက ပိုများပြီး ပညာရေးအသိ၊ ဝင်ငွေ စသည်တို့မှာ နည်းပါးပြီး ဆေးလိပ်သောက်တတ်သူ၊ အရက်သောက်သူ၊ အိပ်မပျော်တတ်သူတို့ပိုများပြီး ညဘက်မှာတော်တော်နဲ့ မအိပ်တတ်သူတွေဖြစ်ပါတယ်။

 

ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရင်းကတော့ နေ့ခင်းမှာ တရေးအိပ်တဲ့အတွက် ညဘက်မှာအိပ်ရေးပျက်ပြီး ကျန်းမာရေးထိခိုက်လာတာပါပဲ။

 

ညဘက်ကောင်းကောင်းအိပ်မပျော်တဲ့အခါ မှတ်ဉာဏ်ချို့ယွင်းခြင်းလည်း ဖြစ်လာတတ်ပါတယ်။

 

ခဏတဖြုတ်အိပ်စက်ခြင်းက ကြံရည်ဖန်ရည်ကောင်းမွန်စေပေမယ့် တစ်ပတ်အတွင်း တစ်ခါနှစ်ခါထက်တော့ ပိုမအိပ်သင့်ကြောင်း ပြင်သစ်မှာလေ့လာတွေ့ရှိထားပါတယ်။

 

တရုတ်မှာဆိုရင် အလုပ်ခွင်တွေနဲ့ စာသင်ကျောင်းတွေမှာ နေ့လယ်စာစားအပြီး တရေးအိပ်ချိန်ကိုပါ ထည့်သွင်းထားကြပါတယ်။

 

တရေးအိပ်သင့်တဲ့သူတွေကတော့ မနက်စောစောထရသူများ၊ အိပ်ချိန်မမှန်သူများနဲ့ မျိုးရိုးအရ အိပ်ချိန်ပိုမိုလိုအပ်သူများဖြစ်ပါတယ်။

 

ဩစတြေးလျသုတေသီများ အကြံပြုထားတာက တရေးမအိပ်ခင်မှာ ကော်ဖီသောက်ကာ နောက်ထပ်မိနစ် ၂၀ ကြာချိန်မှာ နှိုးစက်ပေးထားခြင်းဖြင့် ကဖင်းဓာတ်က ထကြွလာမှာဖြစ်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group