#World_Politics
Published 17 September 2022

 

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားရဲ့ ယခုလအတွင်းကြေညာခဲ့တဲ့ ပထမဆုံးနျူကလီးယားဆိုင်ရာဝါဒနဲ့ပတ်သက်ပြီး တင်းမာမှုတွေနဲ့ မတည်ငြိမ်မှုများ ဖြစ်လာနိုင်တယ်လို စက်တင်ဘာ ၁၆ ရက်နေ့မှာ ရှုတ်ချလိုက်ပါတယ်။

 

မြောက်ကိုရီးယားကို ဟန့်တားတုံ့ပြန်နိုင်ရန်အတွက် ဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ဖြန့်ကျက်ဆောင်ရွက်သွားမယ်လို့ အမေရိကန်က ကတိပြုလိုက်ပါတယ်။

 

၂၀၁၈ နောက်ပိုင်း EDSCG အဖွဲ့ရဲ့ ပထမဆုံး ဒုဝန်ကြီးများအဆင့်အစည်းအဝေးပွဲပြုလုပ်ပြီးနောက် ပူးတွဲထုတ်ပြန်ကြေညာလိုက်ကာ တောင်ကိုရီးယားကို ကာကွယ်မယ့် အမေရိကန်ရဲ့ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားဘက်က ကျူးလွန်လာတဲ့ နျူကလီးယားတိုက်ခိုက်မှုမှန်သမျှ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ထုတ်ပြန်ချက်ထဲမှာ မဟာမိတ်အနေအထား ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံ့အင်အားအစိတ်အပိုင်းအားလုံးကို အသုံးချပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။

 

မြောက်ကိုရီးယားကို ဟန့်တားတုံ့ပြန်ဖို့နဲ့ ဒေသတွင်းလုံခြုံရေးတိုးမြှင့်နိုင်ရန် မဟာဗျူဟာမြောက်စစ်ရေးလက်နက်များကို အချိန်နဲ့တပြေးညီ ထိရောက်စွာ ဆက်လက်အသုံးချနိုင်ရေးအတွက် တောင်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာအောင် အမေရိကန်က ကတိပြုလိုက်ပါတယ်။

 

ဇူလိုင်လတုန်းက F-35A တိုက်လေယာဉ်များ ပူးတွဲလေ့ကျင့်ခဲ့ကြပြီး အမေရိကန်ကတိကဝတ်ကို ပြသတဲ့အနေနဲ့ USS Ronald Reagan Carrier Strike Group ကိုလည်း နေရာချသွားဦးမှာဖြစ်ပါတယ်။

 

EDSCG ကိုယ်စားလှယ်အဖွဲ့က အမေရိကန်ရဲ့ B-52 ဗုံးကျဲလေယာဉ်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်နိုင်ငံအနေနဲ့ လေ့ကျင့်ရေး၊ အချက်အလက်မျှဝေရေးတို့ကနေ အသင့်အနေအထားဖြစ်နေဖို့ကို မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

 

မဟာမိတ်တွေရဲ့ ဒုံးကျည်တုံ့ပြန်မှုစွမ်းရည်နဲ့ အနေအထားကိုလည်း တိုးတက်အောင်ပြုလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားက သူတို့ကိုယ်သူတို့ကာကွယ်ရန် နျူကလီးယားတိုက်ခိုက်မှုများ အသုံးပြုခွင့်ကို တရားဝင်ပြဌာန်းခဲ့ပြီး ခေါင်းဆောင်'ကင်မ်ဂျုံအန်း'က သူတို့ရဲ့နျူကလီးယားသတ်မှတ်ချက်ကို ပြင်ဆင်သွားမှာမဟုတ်ဘဲ နျူကလီးယားကင်းစင်ရေးဆွေးနွေးမှုများကိုလည်း တားမြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

၂၀၁၈ ခုနှစ်တုန်းက အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'က 'ကင်မ်ဂျုံအန်း'ကို နျူကလီးယားလက်နက်များ စွန့်လွှတ်ဖို့ မဖြောင်းဖျနိုင်ခဲ့ဘဲ မြောက်ကိုရီးယားအနေနဲ့ ၂၀၁၇ နောက်ပိုင်း နျူကလီးယားစမ်းသပ်မှုကို ဆက်လက်ပြုလုပ်ရန် ပြင်ဆင်နေပုံရတယ်လို့ စောင့်ကြည့်သူများက ဆိုပါတယ်။

 

နျူကလီးယားစမ်းသပ်မှု ပြုလုပ်ပါက အစိုးရတစ်ခုလုံးရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှု ဆောင်ရွက်ရလိမ့်မှာဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေနဲ့ ဖြစ်လာနိုင်တဲ့အရာတွေအတွက် အသင့်ပြင်ထားရမှာဖြစ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

 

Source: CNA
#Yangon_Media_Group