Published 17 Sept 2022

ဆိုင်ကယ် ကယ်ရီသမားတစ်ဦးဖြစ်တဲ့ မူဟာမက် ရစ်ဝမ်ဟာ ဂျာကာတာရဲ့ လမ်းတစ်လမ်းဘေးမှာ ထိုင်နေရင်း သူ့ဖုန်းက တိန်ခနဲမြည်သံကို စောင့်ဆိုင်းနေပါတယ်။ နေ့တိုင်း မီးခိုထူထူတွေကြားထဲ ခရီးသည်တွေ သယ်ပို့ပေးနေရတာ အခု သိပ် မတန်တော့ဘူးလို့ သူကပြောပါတယ်။

လောင်စာဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းတက်လိုက်တာကြောင့်  ဂျာကာတာရဲ့ ရေပန်းအစားဆုံး ဆိုင်ကယ်ကယ်ရီ အက်ပလီကေးရှင်း Gojek ဂိုးဂျက်ကို သုံးကြတဲ့ ကယ်ရီသမားရာပေါင်းများစွာက စားဝတ်နေရေးခက်ခဲလာကြပါတယ်။ အဲဒါကြောင့် သူတို့က အင်ဒိုနီးရှား နိုင်ငံတစ်လွှား ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။

“ ဆီဖိုးချန်ထားဖို့လိုတဲ့အတွက် တစ်ခါတစ်ခါ တစ်နေ့လုံး သင့်တင့်တဲ့ အစားအစာတောင်မစားရဘူး။ ဆီမရှိရင် ဘျွန်တော် ဘယ်လိုအလုပ်လုပ်မလဲ” လို့ ဂိုးဂျက်ရဲ့ ကန်ထရိုက်တာတစ်ဦးဖြစ်တဲ့ ရစ်ဝမ်ကပြောပါတယ်။

သူတို့ဟာ ဥပဒေမရှိတဲ့ ဈေးကွက်မှာ အလုပ်လုပ်နေကြရတာပါ။  သူတို့ကို ကုမ္ပဏီတွေက “ပါတနာ” ဒါမှမဟုတ် “ကန်ထရိုက်တာ” လို့ သတ်မှတ်ပြီး သူတို့ရဲ့နေ့စဉ်ဝင်ငွေအပေါ်ခေါင်းပုံဖြတ်နေကြတယ်လို့ ဝေဖန်သူတွေကဆိုကြပါတယ်။

ယူကရိန်းစစ်ကြောင့် တစ်ကမ္ဘာလုံး ငွေကြေးဖောင်းပွမှုတွေနှင့် လောင်စာဆီဈေးမြင့်တက်မှုတွေ ဖြစ်နေစဉ်အတွင်းမှာ အင်ဒိုနီးရှားရဲ့ လိုငွေပြမှုကို ဖြတ်တောက်နိုင်ဖို့အတွက် သမ္မတ ဂျိုကို ဝီဒိုဒိုက လောင်စာဆီမှာ အစိုးရက စိုက်ထုတ်ကျခံပေး တာကို သိသိသာသာ လျှော့ချခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဓာတ်ဆီဈေးတွေက တစ်လီတာကို ၇၆၅၀ ရူပီယာ(ဆင့် ၅၀)ကနေ ၁၀၀၀၀ ရူပီယား(၆၇ဆင့်)အထိဈေးတက်သွားခဲ့ပါတယ်။

ဆိုင်ကယ်ကယ်ရီကုမ္ပဏီကြီးနှစ်ခုက သယ်ပို့ခတွေကို အနည်းငယ်မျှပဲတက်ပေးတယ်လို့ ကယ်ရီသမားတွေက ပြောပါတယ်။ စရိတ်အပိုတွေကာမိအောင်ဆိုပြီး တစ်ကီလိုမီတာကို ရူပီယား ၈၀၀ (၅ ဆင့်)သတ်မှတ်ပေးတာပါ။

ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Gojek နှင့် Grabတို့က  သူတို့ဟာ အစိုးရရဲ့ ဥပဒေစည်းကမ်းထဲကနေ နှုန်းထားသတ်မှတ်ပေးတာ ဖြစ်တယ်လို့ အေအက်ဖ်ပီကိုပြောပါတယ်။

ဒီကုမ္ပဏီတွေက နှုန်းထားတက်ယူတာနှင့်ပတ်သက်လို့ ထုတ်မပြောကြပေမယ့် သမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ သတ်မှတ်ပေးတဲ့ နှုန်းထားဟာ ကယ်ရီသမားတွေမျှော်လင့်ထားတာထက် အတော်နည်းနေတယ်လို့ပြောကြပါတယ်။

“ အင်ဒိုနီးရှားနိုင်ငံတစ်လွှားက ကယ်ရီသမားတွေက သတ်မှတ်ပေးထားတဲ့ နှုန်းကို လက်မခံနိုင်ကြဘူး” လို့  ယာဉ်မောင်း တစ်သိန်းကျော်ကို ဦးဆောင်နေတဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုင်ဂွန်းဝီကာဆိုနိုက ပြောပါတယ်။

ဆွဲကောင်းတဲ့နေ့တွေဆို သူတို့ဟာ တစ်ရက်ကို ရူပီးယား တစ်သိန်းခွဲ(၁၀ ဒေါ်လာ)ခန့်ရကြပါတယ်။ ဒါပေမယ့် အရင် ဆီပြန်ဖြည့်ရတာက ရူပီးယား နှစ်သောင်း( ၁,၃၅ ဒေါ်လာ)ကုန်ကျခဲ့ပေမယ့် ယခု ရူပီးယား သုံးသောင်းခွဲ (၂,၃၅ ဒေါ်လာ)အထိကုန်ကျနေကြရတာဖြစ်ပါတယ်။

တစ်ခါတစ်ခါ တစ်နေ့တည်း နှစ်ကြိမ်ဆီပြန်ဖြည့်ရတဲ့အခါမျိုးမှာ ကယ်ရီသမားတွေအတွက် ဘာမှများများစားစား မကျန်တော့ဘူးလို့လည်းဆိုပါတယ်။

“ ဒီရက်တွေမှာ ဘယ်နေရာမှာပဲ ဆီဝယ်ဝယ် ကျွန်တော့်အတွက်က တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုဖြစ်နေတာပဲ” လို့  အသက် ၃၈နှစ်အရွယ် Grab ကယ်ရီယာ  အိုင်ဝမ် နာ အက်ဘာ ကပြောပါတယ်။ သူက သူ့ဖုန်းဆီ အော်ဒါဝင်လာဖို့ စောင့်ဆိုင်းနေတာ တစ်နာရီရှိနေပါပြီ။

“ အစိုးရဆီက ဆန်ဝယ်လို့ရနေတုန်းမို့ မိသားစုကို ကျွေးမွေးနိုင်သေးတာပဲ ကျေးဇူးတင်ရမယ်” လို့ သူက ဆက်ပြောပါတယ်။

Gig ယာဉ်မောင်းတွေက အစိုးရက အရေးယူမှု အားနည်းလို့  တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒပြမယ်လို့ သတိပေးနေပေမယ့် ဂျာကာတာဝန်းကျင်မှာ အစိုးရက ရဲအရာရှိ ရှစ်ထောင်ခန့် ချထားတာကြောင့် လူအနည်းငယ်မျှနှင့်ပဲ အကန့်အသတ်နှင့် ဆန္ဒပြနေကြရတာဖြစ်ပါတယ်။

“ ပေးထားတဲ့ ကတိတွေ လွှင့်မပစ်ပါနှင့် “ လို့ အသက် ၃၈နှစ်အရွယ် နောက်ကယ်ရီသမားတစ်ဦးဖြစ်တဲ့ ဆိုင်ဖူ ရစ်ဝမ် ကပြောပါတယ်။သူက ဂျာကာတာရဲ့ ပါဆာ ဆီနင် လက်ကားဈေးရှေ့မှာ လူစောင့်နေတာပါ။

“ ဆင်းရဲသားတွေ ပိုပြီး ဆင်းရဲသွားအောင်မလုပ်ကြပါနှင့်ဗျာ” လို့ သူက ဆက်ပြောလိုက်ပါတယ်။

Source: AFP

#Indonesian_gig_drivers

#Indonesia_Fuel_Hike