Published 8 Sept 2022

မစ္စတာ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ (၄၆) ဦးမြောက်သမ္မတအဖြစ် တာဝန်ယူအပြီး ပထမဦးဆုံးသမ္မတအဖြစ်တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံညီလာခံ (G-7) မှာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်များကို ' အမေရိကန် ပြန်လာပြီ ' ဆိုပြီး ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့သော်လည်း ယခုအချိန်မှာတော့ ၎င်းတို့ထဲက တော်တော်များဟာ မျက်မှောက်ခေတ် အမေရိကန်ရဲ့ နိုင်ငံရေးအခင်းအကျင်းကြောင့် ဒီဘူတာဆီသို့ပဲ ပြန်ဆိုက်နေပြီလားဆိုပြီး စိုးရိမ်ပူပန်နေကြတယ်လို့ AP သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဘာကြောင့်ပါလဲ။

ယခုနှစ် ဇွန်လ၊ ဂျာမနီနိုင်ငံ၊ ဘေဗားရီရန်တောင်တန်းဒေသ (Bavarian Alps) မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်စီးပွားရေးကို ဦးဆောင်ထားသူများ G-7 ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ခဲ့စဉ်မှာတော့ သမ္မတဘိုင်ဒင်ဟာ နိုင်ငံတွင်း အစုအလိုက်အပြုံအလိုက်ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရအကာအကွယ်ပေးထားသော ကိုယ်ဝန်ဖျက်ချခြင်းကိုပယ်ဖျက်လိုက်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်စတဲ့ နိုင်ငံရေးမငြိမ်မသက်မှုများရဲ့ ပြည်တွင်းရေးဝန်စည်စလွယ်များကိုပါ သူနှင့်အတူတစ်ပါတည်း သယ်ဆောင်လာခဲ့ဟန်တူပါတယ်။ မကြာသေးခင် တစ်နှစ်အကျော်က သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်အပြီး သူ့ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၆) ရက်နေ့ ဖြစ်ရပ်ဟာ လွန်စွာမှ အကျည်းတန်လှလွန်းပြီး နိုင်ငံရေးရန်ပွဲတွေ ဖြစ်လာနေပြီဆိုတဲ့ သတိပေးခေါင်းလောင်းသံဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ အကောင်းဆုံးနေ့ရက်များရောက်လာမည်ဆိုတဲ့ စကားလုံးဟာလည်း ယုံကြည်ဖို့ ပိုခက်ခဲလာပြီး နောက်ထပ် စိတ်ဓာတ်ကျဖွယ် အကြောင်းပြချက်များအနက် စီးပွားရေးဖိအားဟာလည်း လူမှုရေးတင်းမာမှုများကို လှုံ့ဆော်ပေးနေပါတယ်။

အမေရိကားဟာ အခြားအခြားသော နိုင်ငံများမှ ရွှေ့ပြောင်းလာသူများအဖို့ အိပ်မက်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ဒီမိုကရေစီစံနှုန်းအမြင့်မားဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ အကဲဆတ်လှတဲ့ ပြည်တွင်းရေးမတည်ငြိမ်မှုများ၊ ယိုယွင်းလာတဲ့ ဒီမိုကရေစီစံနှုန်း သွေဖယ်မှုများ၊ အထူးသဖြင့် ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှုနဲ့ ကြွေးမြီပြသနာတွေကို ယနေ့မျက်မှောက်ခေတ်မှာ ရင်ဆိုင်ခံစားနေရတာကို ကမ္ဘာ့သတင်းမီဒီယာတွေမှတဆင့် သိမြင်လာနေကြရပါတယ်။

ဒါတွေဟာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်အစိုးရအတွက် ရတက်မအေးစရာ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

 

လက်နက်(သေနတ်) ကိုင်ဆောင်ခွင့်ပြဌာန်းချက်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

လူဦးရေ သန်းပေါင်း (၃၃၀) ကျော် မှီတင်းနေထိုင်လျက်ရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးမတည်ငြိမ်မှုများအနက် သေနတ်ဖြင့် မထင်ရင်မထင်သလို အစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခံရမှုအခြေအနေဟာဆိုးရွားလွန်းလှပါတယ်။ မှတ်တမ်းများအရ အမေရိကန်ဟာ အခြားသော လက်နက်ကိုင်ဆောင်ခွင့်ရရှိတဲ့ ကမ္ဘာ့နိုင်ငံများအကြားမှာလည်း ဖြစ်ပွားမှုအကြိမ်ရေအများဆုံးဖြင့် ပြိုင်စံရှားရပ်တည်လျက်ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ကျော်ကာလအတွင်းကို အခြေအနေကို မဖော်ပြဘဲနှင့်တောင် ယခုနှစ် ၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိအတွင်းမှာပဲ ပြည်ထောင်စုတစ်ဝှမ်းလုံး အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်ခတ်ခံရမှုအရေအတွက်ပေါင်းဟာ (၄၇၁) ကြိမ်အထိရှိနေပြီး အဲဒိအထဲမှာ သေနတ်သမားအပါအဝင် ပြည်သူ (၅၀၆) ဦးဟာ အသက်ခန္ဓာစွန့်ခွာခဲ့ရသလို လူပေါင်း (၁၉၆၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ယခုနှစ် ပစ်ခတ်မှုတွေအနက် စာသင်ကျောင်းနဲ့ တက္ကသိုလ်မှာ ဖြစ်ပွားခဲ့တာ အကြိမ်ရေ (၃) ကြိမ်ဖြစ်ပါတယ်။

ဒီလို မမျှော်မှန်းနိုင်သော ကြေကွဲဖွယ်ဖြစ်ရပ်များအပေါ် အမေရိကန်ရဲ့ မဟာမိတ်ဘက်နိုင်ငံများက ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး ပြစ်တင်ရှုတ်ချနေကြပါတယ်။

ဒါ့အပြင် ယခုနှစ် ဇူလိုင်လအတွင်းမှာလည်း ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာနေထိုင်တဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ' မခိုင် ' ဆိုသူ  လူမှုအသင်းအဖွဲ့ခေါင်းဆောင်အမျိုးသမီးတစ်ဦးဟာ သေနတ်သမားတစ်ဦးရဲ့ ရက်စက်စွာ ရမ်းသမ်းပစ်ခတ်မှုမှာ ကြက်ကလေး၊ ငှက်ကလေး သေသလို အသက်ပေးခဲ့ရပါတယ်။ ဖြစ်ဖြစ်ချင်းမှာ သူမရဲ့ သားဖြစ်သူက 911 ကို (၅) ကြိမ်ဖုန်းခေါ်ဆိုခဲ့သလို အိမ်နီးချင်းတွေကလည်း အကူအညီရဖို့ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းဖြေကြားခြင်းမရှိဘဲ လျစ်လျူရှုခံခဲ့ရပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ဒီမိုကရေစီစံနှုန်းနဲ့ တန်းတူညီမျှမှုအပေါ် မေးခွန်းထုတ်စရာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိတ်ဘက်နိုင်ငံတွေအကြားမှာ အမေရိကန်ရဲ့ လက်နက်ကိုင်ဆောင်ခွင့်အပေါ် စိုးရိမ်မှုတွေလည်းကြီးမားလာနေပါတယ်။

ဒီလိုမျိုး ပြသနာတွေတင်မကဘဲ အမေရိကန်နိုင်ငံဟာ လူ့အခွင့်အရေးစံချိန်စံနှုန်းတွေကိုပါ တစ်ဖြည်းဖြည်းချင်း ရိုက်ချိုးလာနေတယ်လို့ ဝေဖန်မှုတွေလည်းရှိနေပြန်ပါတယ်။ ထင်ရှားတဲ့အကြောင်းတစ်ခုကတော့ ပြည်နယ်အစိုးရအား ကိုယ်ဝန်ဖျက်ချခြင်းကိုတားမြစ်ခွင့်ပြုလိုက်တဲ့ အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အချို့သော အမေရိကန်ရဲ့ အနီးစပ်ဆုံး မိတ်ဖက်များထံမှ နောက်ထပ်စွပ်စွဲရှုတ်ချမှုအသစ်များကို မြင်တွေ့လာရပြီး နိုင်ငံကို စိုးရိမ်ပူပန်မှုများတိုးပွားလာအောင်လည်း မီးမွှေးပေးသကဲ့သို့ဖြစ်ခဲ့တယ်လို့သုံးသပ်မှုတွေရှိလာပါတယ်။

 

စီးပွားရေးကျဆင်းမှုဝဲဂယက်နှင့်သမ္မတဘိုင်ဒင်၏စိန်ခေါ်မှုများ

ပြည်တွင်းရေးမတည်ငြိမ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် ဒီမိုကရေစီစံနှုန်းများ ဆိုးရွားစွာကျဆင်းနေခြင်းစတဲ့ ပြသနာများကြားကပင် အမေရိကန်ဟာ စီးပွားရေးကျဆင်းမှု ဝဲဂယက်ထဲ တဖြည်းဖြည်းချင်း မြုပ်ဆင်းနေပြန်ပါတယ်။

ဇွန်လ (၁၇) ရက်၊ သောကြာနေ့က ထုတ်ဝေခဲ့တဲ့ နောက်ဆုံး IBD/TIPP စီးပွားရေးအကောင်းမြင်ညွှန်ကိန်း (Economic Optimism Index) ရဲ့ စစ်တမ်းမှာ အမေရိကန်ဟာ စီးပွားရေးကျဆင်းမှုတစ်ခုအတွင်း ဝင်ရောက်နေပြီလို့ နိုင်ငံသား ထက်ဝက်ကျော်က ယူဆကြောင်း ဖော်ပြထားပါတယ်။ အဲဒိစစ်တမ်းအရ အမေရိကန်နိုင်ငံသား (၅၃) ရာခိုင်နှုန်းကျော်က စီးပွားရေးကျဆင်းမှုတစ်ခုအတွင်း သွားနေကြောင်း ယူဆကြပြီး (၂၅) ရာခိုင်နှုန်းက သူတို့ သေချာမသိဘူးလို့ ပြောဆိုကြပါတယ်။ (၂၀) ရာခိုင်နှုန်းကတော့ အမေရိကန်ဟာ စီးပွားရေးကျဆင်းခြင်းမရှိဘူးလို့ ယုံကြည်နေကြပါတယ်။

မရေရာမှုကြားကပင် ပြီးခဲ့တဲ့လများအတွင်း စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာကျော်သတင်းစာ နယူးစ်ဝိခ် (News Week) ရဲ့အဆိုအရ မေလတုန်းက အမေရိကန်နိုင်ငံသားထက်ဝက်အောက်ဖြစ်တဲ့ (၄၈) ရာခိုင်နှုန်းက စီးပွားရေးကျဆင်းနေတယ်လို့ဆိုသော်လည်း (၂၃) ရာခိုင်နှုန်းကတော့ အမေရိကန်နိုင်ငံဟာ စီးပွားရေးကျဆင်းခြင်းမရှိဘူးလို့ သိရှိရပါတယ်။

ဒါ့အပြင် စီးပွားရေးအင်အားကြီးမားတယ်ဆိုတဲ့ အမေရိကန်ဟာ ကြွေးမြီပြသနာများကို ရင်ဆိုင်နေရသလို ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း နှစ်ပေါင်း (၄၀) ကျော်မှာ မျှော်မှန်းတာထက်ကို မြင့်တက်နေပါတယ်။ ယခုနှစ် ဇူလိုင်လမှာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ (၈.၅) ရာခိုင်နှုန်းကို ရောက်ရှိခဲ့ပါတယ်။

ဇွန်လ (၁၆) ရက်၊ ကြာသပတေးနေ့မှာ အမေရိကန်စတော့ဈေးကွက်တစ်ခုဖြစ်တဲ့ Dow Jones Average ဟာ တစ်နှစ်ခွဲအတွင်း ၃၀,၀၀၀အောက် ပထမဆုံးအကြိမ် ကျဆင်းခဲ့ပါတယ်။

အဲဒိသီတင်းပတ်အတွင်း အမေရိကန်ဟာ ကာလအတန်ကြာဈေးကျဆင်းသည့် (ဈေးကွက်အခေါ် - Bear Market) တစ်ခုအတွင်းသို့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ယင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သမ္မတရာထူးကာလအတွင်း ပထမဆုံး Bear Market ဖြစ်ပါတယ်။ စတော့ရှယ်ယာဈေးကွက်တစ်ခုဟာ ရှည်ကြာသောကာလတစ်ခုအတွင်း အနည်းဆုံး ၂၀% ကျဆင်းတဲ့အခါ "Bear Market" ဟူသော အသုံးအနှုန်းကို အသုံးပြုပြီး ယင်းသည် စီးပွားရေးကျဆင်းမှုတစ်ခုကို အချက်ပြတာလည်းဖြစ်ပါတယ်။

နိုင်ငံအနေနဲ့ ဘိုင်ဒင်ရဲ့ စီးပွားရေးကိုင်တွယ်နိုင်စွမ်းကိုလည်း စိုးရိမ်ပူပန်နေကြပြီဖြစ်ကာ ဒီမိုကရက်တစ်ပါတီဝင်များကပင် ဘိုင်ဒင်အပေါ် ယုံကြည်မှုမရှိကြပေ။ (၄၅) ရာခိုင်နှုန်းကသာ သမ္မတကို အကောင်းမြင်ကြပြီး ဤသည်မှာ မနှစ်က ယခုအချိန် ဒီမိုကရက်တစ်ပါတီဝင် (၈၀) ရာခိုင်နှုန်းက ဘိုင်ဒင်သည် စီးပွားရေးကို ကောင်းစွာကိုင်တွယ်နေတယ်လို့ ထင်မြင်ခဲ့ကြခြင်းကနေ သိသိသာသာ ကျဆင်းသွားခြင်းဖြစ်ပါတယ်။

စစ်တမ်းများအရ ရီပတ်ဘလစ်ကန်ပါတီဝင် (၁၀) ယောက်မှာ (၈) ယောက်ကျော်၊ တစ်သီးပုဂ္ဂလ (၁၀) ယောက်မှာ (၆) ယောက်နီးပါးက ဘိုင်ဒင်ကို စီးပွားရေးကျရှုံးသောအဆင့်အဖြစ် သတ်မှတ်ကြကြောင်း လေ့လာသိရှိရပါတယ်။

ဤအရေအတွက်များကြောင့် ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်ကို ပြန်လည်ရယူရန် ရည်ရွယ်ထားတဲ့ နိုဝင်ဘာလကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာများကို များနိုင်သမျှများအောင် တတ်နိုင်သမျှ ထိန်းထားရန်မျှော်လင့်နေကြတဲ့  ဒီမိုကရက်များအတွက် အခက်အခဲများပင် ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

မကြာသေးမီကထွက်ရှိလာတဲ့ စစ်တမ်းများအရ ငွေကြေးဖောင်းပွမှုနှင့် ဈေးနှုန်းမြင့်တက်ခြင်းဟာ အမေရိကန်အများစုအတွက် ထိပ်တန်းပြဿနာတစ်ခုဖြစ်ကြောင်းဖော်ပြထားပါတယ်။ အမေရိကန် (၁၀) ယောက်မှာ (၈) ယောက်ကျော်က ကြားဖြတ်ရွေးကောက်ပွဲများတွင် သူတို့ ဘယ်လိုမဲပေးမည်ဆိုတာကို ဆုံးဖြတ်ကြတဲ့နေရာမှာ စီးပွားရေးဟာ အဓိကပြဿနာတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် စီးပွားရေးအခြေအနေဟာ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် စိုးရိမ်စရာအဖြစ် ဆက်လက်ရှိနေဦးမယ်ဆိုရင် ဘိုင်ဒင်အတွက် ရွေးကောက်ပွဲ ပြန်လည်အနိုင်ရနိုင်ခြေဟာ ပို၍ခက်ခဲနိုင်ချေရှိမယ်လို့ ထင်မြင်ယူဆမိပါတယ်။

"၂၀၂၄ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုဟာ နည်းနည်းလေးတောင် ကောင်းမလာဘူးဆိုရင် ဒီမိုကရက်တစ်ပါတီဝင်တွေဟာ ငွေကြေးအရဖိအားများနေတဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရတော့မှာပါ" ဆိုပြီး ဟူးစတန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခတစ်ဦးဖြစ်သူ ဘရန်ဒန် ရော့တင်ဟောက်စ်က ယခင်က နယူးစ်ဝိခ်သတင်းစာကို ပြောကြားခဲ့ဖူးပါတယ်။

"ဒါဟာ လက်ရှိပါတီအတွက် ဘယ်တော့မှ ကောင်းတဲ့အနေအထား မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

 

အမေရိကန်ပြန်လာမှာလား

မစ္စတာ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ (၄၆) ဦးမြောက်သမ္မတအဖြစ် တာဝန်ယူအပြီး မနှစ်က သူ ပထမဦးဆုံးသမ္မတအဖြစ်တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံညီလာခံ (G-7) မှာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်များကို ' အမေရိကန် ပြန်လာပြီ ' ဆိုပြီး ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ဖူးပါတယ်။

ယခုအချိန်မှာတော့ ၎င်းတို့ထဲက တော်တော်များဟာ အမေရိကန်ဟာ ဒီဘူတာဆီသို့ပဲ ပြန်ဆိုက်နေပြီလားဆိုပြီး စိုးရိမ်ပူပန်နေကြတယ်လို့ AP သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဘာကြောင့်ပါလဲ။

သမ္မတဖြစ်ပြီးတစ်နှစ်အကြား အမေရိကန်ရဲ့ ဦးဆောင်မှုကို ပြည်သူအများစုက အလေးထားခဲ့ကြတယ်ဆိုပေမယ့် မငြိမ်မသက်မှုလမ်းကြောင်းဆီသွားနေတဲ့ မျက်မှောက်ခေတ် အမေရိကန်ရဲ့ နိုင်ငံရေးအခင်းအကျင်းကြောင့် အဲဒိလိုအမြင်မျိုးကို ကြီးမားစွာဆန့်ကျင်နေပြီလို့ ယူဆမိပါတယ်။

ယခုနှစ် ဇွန်လ၊ ဂျာမနီနိုင်ငံ၊ ဘေဗားရီရန်တောင်တန်းဒေသ (Bavarian Alps) မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်စီးပွားရေးကို ဦးဆောင်ထားသူများ G-7 ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ခဲ့စဉ်မှာတော့ သမ္မတဘိုင်ဒင်ဟာ နိုင်ငံတွင်း အစုအလိုက်အပြုံအလိုက်ပစ်ခတ်သတ်ဖြတ်မှုများ၊  ဖွဲ့စည်းပုံအခြေခံဥပဒေအရအကာအကွယ်ပေးထားသော ကိုယ်ဝန်ဖျက်ချခြင်းကိုပယ်ဖျက်လိုက်တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်စတဲ့ နိုင်ငံရေးမငြိမ်မသက်မှုများရဲ့ ပြည်တွင်းရေးဝန်စည်စလွယ်များကိုပါ သူနှင့်အတူတစ်ပါတည်း သယ်ဆောင်လာခဲ့ဟန်တူပါတယ်။

.

သမ္မတဘိုင်ဒင်ဟာ အမေရိကန်ရဲ့ ပြသနာများစွာကို စိန်ခေါ်မှုများစွာနဲ့ ထမ်းပိုးနေရသလို တစ်ချိန်တည်းမှာပဲ နိုဝင်ဘာလကြားဖြတ်ရေးကောက်ပွဲများအတွက် တကျော့ပြန် ဒေါ်နယ်လ်ထရမ့်ကို ယှဉ်ပြိုင်ရဖို့ကလည်း ရှိနေပါတယ်။

ယခင်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ကမ္ဘာကျော်ရေပန်းစားခဲ့တဲ့ "အမေရိကန်သာပထမ" စကားလုံးကို လက်ရှိ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ' အမေရိကန်ပြန်လာပြီ ' က ဘယ်လောက်အထိ လွှမ်းမိုးနိုင်ခဲ့ပြီလဲ။

ဒီနေရာမှာ တစ်ခုရှိတာက ကိစ္စရပ်အကြောင်းအချင်းအရာအမျိုးမျိုးမှာ G-7 နိုင်ငံအများစုဟာ အမေရိကန်ထက်ပို၍ လစ်ဘရယ်ဆန်လေ့ရှိကြပါတယ်။ ဘိုင်ဒင်ကို သမ္မတအဖြစ် ရွေးချယ်မှုအပြီး သမ္မတဒုတိယသက်တမ်းကို ဆုံးရှုံးလိုက်ရတဲ့ ထရမ့်ရဲ့ ကပြောင်းတိကပြောင်းပြန်စုံစမ်းစစ်ဆေးခြင်းတွေဟာ ပြည်သူများအကြား စိတ်ရှုပ်စရာတွေ ဖြစ်ပေါ်ခဲ့ပြီး နိင်ငံရေးစနစ်တည်ငြိမ်တယ်ဆိုတဲ့ ဝါရင့်ဒီမိုကရေစီနိုင်ငံတစ်ခုအပေါ် သမ္မတဘိုင်ဒင်ပြောခဲ့တဲ့ " အမေရိကန်ပြန်လာပြီ " ဆိုတဲ့ သတင်းစကားဟာ မဟာမိတ်နိုင်ငံများမှ နိုင်ငံသားများအနေဖြင့် နေ့စဉ်နေ့တိုင်း ပြန်လည်စိစစ်တွေးတောလိုစိတ်များ အသစ်ထပ်မံပေါ်ပေါက်နေမှုနှင့် ကြုံတွေ့နေရတယ်ဆိုတာ မမှားပါဘူး။

မကြာသေးခင် တစ်နှစ်အကျော်က သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲမှာ ရှုံးနိမ့်အပြီး သူ့ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၆) ရက်နေ့ ဖြစ်ရပ်ဟာ လွန်စွာမှ အကျည်းတန်လှလွန်းပြီး နိုင်ငံရေးရန်ပွဲတွေ ဖြစ်လာနေပြီဆိုတဲ့ သတိပေးခေါင်းလောင်းသံဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် အမေရိကန်ရဲ့ အကောင်းဆုံးနေ့ရက်များရောက်လာမည်ဆိုတဲ့ စကားလုံးဟာလည်း ယုံကြည်ဖို့ ပိုခက်ခဲလာပြီး နောက်ထပ် စိတ်ဓာတ်ကျဖွယ် အကြောင်းပြချက်များအနက် စီးပွားရေးဖိအားဟာလည်း လူမှုရေးတင်းမာမှုများကို လှုံ့ဆော်ပေးနေပါတယ်။

အမေရိကန်ရဲ့ (၁၆) ဦးမြောက်သမ္မတ အေဗရာဟင်လင်ကွန်းက ပြောစကားတစ်ခုရှိပါတယ်။ သူဟာ အမေရိကန်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးသူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပေးသူစတဲ့ ဂုဏ်ဒြပ်များဖြင့် ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။

သူပြောဆိုခဲ့တာကို အနှစ်ချုပ်ပြန်ကြားရမယ်ဆိုရင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့ဟာ မျှတစွာ မရပ်တည်နိုင်ဘူးဆိုရင် နောင်အနာဂတ်မှာ မူမမှန်တဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကို ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မယ်ဆိုတာပါ။ ဒါဟာ မျက်မှောက်ခေတ် အမေရိကန်နိုင်ငံရဲ့ အခင်အကျင်းကို အမျှော်အမြင်ရှိရှိ ထောက်ရှုခဲ့တာပါဖြစ်ပါတယ်။ အဲဒါဟာ သမ္မတကြီးအေဗရာဟင်လင်ကွန်းရဲ့ စေတနာစကားဖြစ်ပြီး သူက ယခုအမေရိကန်ပြည်ထောင်စုရဲ့ အခင်းအကျင်းကို ကြိုမြင်ပါတယ်။

နှစ်ကာလများစွာ ဖြတ်သန်းပြီးနောက်  အမေရိကန်လွတ်လပ်ရေးနေ့ဟာ (၂၄၆) ကြိမ်တောင် တိုင်ခဲ့ပြီးဖြစ်ပါတယ်။ သတင်းအရင်းမြစ်များရဲ့ ဖော်ပြချက်အရ နိုင်ငံသားတွေဟာ ယခုအချိန်အထိ အမေရိကန်ဟာ ဘာကို ကိုယ်စားပြုနေသလဲဆိုပြီး ဝိရောဒိ ကွဲပြားလျက်ရှိနေပါတယ်။ မည်သို့ပင်ဆိုစေ အမေရိကန်ဟာ အမေရိကန်ပဲ ဖြစ်နေဦးမှာ ဖြစ်ပြီး သူ့ရဲ့ ရှိရင်းစွဲ ပြည်တွင်းရေးပြသနာများနဲ့ နိုင်ငံတကာစိန်ခေါ်မှုတွေကို အမြစ်မတွယ်အောင် လုပ်ဆောင်သွားဖို့ အချိန်တန်နေပြီဖြစ်ပါတယ်။

ထွန်းသစ်နိုင်

(ကိုးကား- နိုင်ငံတကာသတင်းများ)