Published 31 Aug 2022

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးတန်းညွှန်ကြားရေးမှူးတစ်ဦးဟာ ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်ဆက်ဆံတယ်လို့ စွပ်စွဲခံရပြီး အခြားတိုင်တန်းမှုတွေကြောင့် သူ့ကို ခွင့်ယူခိုင်းလိုက်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

“ အနောက်ပစိဖိတဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ တာကေရှီကာဆိုင်းကို ခွင့်ပေးလိုက်တယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတစ်ဦးက အီးမေလ်ဖြင့်ပေးပို့တဲ့ မှတ်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ (၁၅)နှစ်ကျော် အလုပ်လုပ်နေတဲ့ ဂျပန်နိုင်ငံက ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကာဆိုင်းကို အုပ်ချုပ်ရေးခွင့်ပေးလိုက်တာဟာ ဝန်ထမ်းတွေရဲ့ တိုင်တန်းမှုမျိုးစုံကို စုံစမ်းစစ်ဆေးနေလို့ဖြစ်တယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတင်းအရင်းအမြစ်(၂)ခုက ရိုက်တာသတင်းဌာနကို အတည်ပြုပေးပါတယ်။

ဒေါက်တာကာဆိုင်းဆီက မှတ်ချက်ယခုအထိ ရိုက်တာက မရရှိသေးပါဘူး။ မနီလာမှာရှိတဲ့ အနောက်ပစိဖိတ်ရုံးကို ပို့တဲ့ အီးမေးလ်ဟာလည်း ဂျနီဗာရုံးချုပ်ကို ဆက်ပို့ကြပါတယ်။

တိုင်တန်းတာတွေအထဲမှာ လူမျိုးရေးနှင့်ဆိုင်တဲ့ စကားတွေပြောတာဆိုတာနှင့် လျို့ဝှက်အဆင့် ကာကွယ်ဆေးသတင်း အချက်အလက်တွေကို ဂျပန်နိုင်ငံကို ပို့ပေးလို့ဆိုတာတွေ ပါဝင်တယ်လို့တော့ ဇန်နဝါရီလတုန်းက အေပီက သတင်းရေးခဲ့ပါတယ်။

၂၀၁၉ ဖေဖော်ဝါရီမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်လာတဲ့သူဟာ  ဝန်ထမ်းတွေအပေါ် မာမာတင်းတင်းဆက်ဆံတဲ့သူလို့ အရင်က အသိအမှတ်ပြုထားကြပေမယ့် အခြားအရေးယူမှုတွေတွေကိုတော့ ပယ်ချခဲ့ကြပါတယ်။

လောလောဆယ်မှာ သူ့နေရာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နံပါတ်(၂)ပုဂ္ဂိုလ်ဖြစ်တဲ့ ဆူဆန်နာဂျာကက်က ယာယီတာဝန်ယူထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖြည့်စွက်ပြောပါတယ်။

Source Reuters

#WHO

#WHO_West_Pacific_Director

#Takeshi_Kasai