Published 31 Aug 2022

ဆော်ဒီအာရေဗျ တရားရုံးတစ်ခုက ဆိုရှယ်မီဒီယာမှာ ပို့စ်တွေတင်တဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၄၅ နှစ် ချခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စုတစ်စုက ပြောတဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆော်ဒီအာရေဗျကို လာရောက်လည်ပတ်ပြီးနောက်ပိုင်းမှာ လှုပ်ရှားတက်ကြွသူ အမျိုးသမီးတစ်ဦးတွေကို နှိပ်ကွပ်ရာမှာ ဒါဟာ နောက်ဆုံးနမူနာတစ်ခုဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

ဆော်ဒီအထူးရာဇဝတ်တရားရုံးက နိုရာဘင့် ဆာအက်အယ်လ် ကွာတနီဟာ ဆော်ဒီရဲ့ လူမှုအဆောက်အအုံကို ဆုတ်ဖြဲပစ်ဖို့ အင်တာနက်ကိုသုံးခဲ့တယ်လို့ တရားရုံးကပြောပါတယ်။ ပြီးတော့ သူမဟာ ဆိုရှယ်မီဒီယာသုံးပြီး အများပြည်သူဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ဝါရှန်တန်အခြေစိုက် ဒေါင်း DAWN အဖွဲ့အစည်းက တရားရုံးစာရွက်စာတမ်းတွေကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆော်ဒီအစိုးရမီဒီယာက ရိုက်တာရဲ့ မေးမြန်းချက်ကို မတုန့်ပြန်ဘူးလို့ သတင်းမှာရေးသားထားပါတယ်။

ဆဲလ်မာ အယ်လ်ရှီဟက်ဆိုတဲ့ ကလေးနှစ်ယောက်မိခင်နှင့် ဗြိတိန်လိဒ်တက္ကသိုလ်ဒေါက်တာဘွဲ့ရ အမျိုးသမီးတစ်ဦးဟာ ကွာတနီမတိုင်ခင်မှာ  လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က  သဘောထားကွဲလွဲသူတွေနှင့် လှုပ်ရှားတက်ကြွသူတွေရဲ့ တွစ်တာပို့စ်တွေကို ဖော်လို လုပ်တာ ပြန်ပြီး ဖော်ပြ ရီတွိလုပ်တာတွေလုပ်ခဲ့လို့ ထောင်ဒဏ် ၃၅ နှစ် ကျခံခဲ့ရပါသေးတယ်။

အမေရိကန်လူ့အခွင့်အရေးအုပ်စု DAWN က ကွာတနီဟာ ဘယ်လိုပို့စ်တွေရေးခဲ့တယ်ဆိုတာ သိပ်မသိတဲ့အတွက် သူ့အမှုကို ဆက်လက်လေ့လာစုံစမ်းမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ်။

Source: Reuters

#Saudi_Arabia

#Saudi_woman

#Social_media