#World_News
Published 27 August 2022

 

အီတလီမှ အမျိုးသားတစ်ဦးဟာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါနဲ့ HIV ရောဂါ ၃ မျိုးစလုံး တပြိုင်တည်းဖြစ်ပွားခဲ့ပါတယ်။

 

သူဟာ စပိန်နိုင်ငံကို သွားလည်တဲ့ခရီးစဉ်အတွင်း အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့တယ်လို့ သိရှိရပြီး အဆိုပါဗိုင်းရပ်စ် ၃ မျိုးစလုံး တပြိုင်တည်းကူးစက်ခံရတဲ့ ပထမဦးဆုံးလူနာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Journal of Infection ဂျာနယ်မှာ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။

 

မျောက်ကျောက်ရောဂါကူးစက်ပုံက အနာတွေကထွက်ရှိတဲ့ အမှုန်အမွှားအရည်တွေ၊ ဗိုင်းရပ်စ်ထိတွေ့ထားတဲ့ အရာဝတ္ထုပစ္စည်းတွေ၊ လည်ချောင်းထဲမှ အရည်အချွဲတွေထံမှတဆင့် ကူးစက်တတ်ပါတယ်။
လက်ရှိမျောက်ကျောက်ရောဂါပျံ့ပွားမှုကာလအတွင်း ကူးစက်မှုအများဆုံးဖြစ်စဉ်က ယောက်ျားချင်း လိင်တူဆက်ဆံသူတွေ အများဆုံးဖြစ်နေပါတယ်။

 

မှတ်တမ်းဖော်ပြချက်အရ အသက် ၃၆ နှစ်ရှိ အီတလီအမျိုးသားဟာ ဇွန်လအတွင်း စပိန်မှာ ၅ ရက်တာနေထိုင်ခဲ့ပါတယ်။

 

အီတလီရှိနေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ၉ ရက်အကြာမှာတော့ ကိုယ်ပူ၊ လည်ချောင်းနာ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခဲခြင်းတို့အပြင် ပေါင်ခြံနေရာမှာ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပါတယ်။

 

အဲဒီနောက် သူ့မှာ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်တွေ့ရှိခဲ့ပြီး တစ်ရက်အတွင်းမှာပဲ လက်ဝဲဘက်လက်မောင်းမှာ အင်ပျဉ်များထလာခဲ့ပါတယ်။

နောက်ရက်မှာတော့ ခန္ဓာကိုယ်၊ ခြေထောက်တွေ၊ မျက်နှာနဲ့ ကျောပြင်တိုမှာ အနီအစက်အဖုလေးတွေ ထွက်ပေါ်လာပါတယ်။

 

အနီစက်အဖုလေးတွေကနေ ကြီးမားလာပြီး အလယ်မှာအချိုင့်ပါတဲ့ ပြည်ဖုတွေဖြစ်လာကာ ကာတာနီယာရှိ ဆန်မာကိုတက္ကသိုလ်ဆေးရုံ အရေးပေါ်ဌာနကို သွားပြခဲ့ပါတယ်။

 

အရေးပေါ်ဌာနကနေမှ ကူးစက်ရောဂါဌာနသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

 

လူနာဟာ စပိန်သို့ရောက်ရှိစဉ်ရက်ပိုင်းအတွင်း ယောကျ်ားတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

 

မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး စပိန်မှာပျံ့ပွားနေတဲ့ အနောက်အာဖရိကဗိုင်းရပ်စ်မျိုးဗီဇကွဲ ကူးစက်ခံရတာဖြစ်ပါတယ်။

 

ရက် ၂၀ ကျော်ကြာပြီးတဲ့အခါလည်း မျောက်ကျောက်ရောဂါ ပြန်လည်ဖြစ်ပွားနေခဲ့တာကြောင့် ဒီဗိုင်းရပ်စ်ဟာ ရက်အတော်ကြာတဲ့အထိ ရောဂါကူးစက်နေနိုင်သေးတယ်လို့ ဆရာဝန်များက ထုတ်ဖော်ခဲ့ကြပါတယ်။

 

လူနာဟာ ၂၀၂၁ ခုနှစ်မှာ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားခဲ့ပြီး ၂၀၂၂ ဇန်နဝါရီလမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။

ခုခံအားကျဆင်းရောဂါစစ်ဆေးရာမှာလည်း HIV-1 ဗိုင်းရပ်စ်ပမာဏအများအပြား ကူးစက်ခံထားရပါတယ်။

 

ဒီလိုကူးစက်မှုအခြေအနေမှာ လိင်ဆက်ဆံခြင်းက အဓိကအကြောင်းအရင်းဖြစ်နေကြောင်း၊ ထိုရောဂါ ၃ မျိုးစလုံး တပြိုင်တည်းကူးစက်ခံရခြင်းက ပထမဦးဆုံးအကြိမ်တွေ့ရှိရတာဖြစ်ကြောင်း၊ ဒီလိုမျိုးရောဂါပေါင်းစုံကူးစက်တဲ့အတွက် လူနာကိုပိုဆိုးစေသလားဆိုတာ သေချာမသိရသေးကြောင်း ဆရာဝန်များက အသိပေးခဲ့ကြပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group