Published 25 Aug 2022

ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကို တာဝန်ထမ်းဆောင်ခြင်းမှ ဆိုင်းငံ့ထားလိုက်ပါတယ်။  တပ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ (၈)နှစ် ကာလထက် ကျော်လွန်ပြီး တာဝန်ထမ်းဆောင်နေပါတယ်လို့ အတိုက်အခံပါတီတွေက တရားရုံးကို လျှောက်ထားတဲ့အတွက် ယခုလို တာဝန်မှ ဆိုင်းငံ့ထားခြင်းဖြစ်ပြီး ဆိုင်းငံ့ခြင်းဟာ တရားရုံးက အမိန့်ချမှတ်တဲ့အချိန်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ပရာရွတ်ဟာ တပ်အာဏာသိမ်းပြီးနောက် သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တာပါ။

“ တရားရုံးက ဗိုလ်လျုပ်ပြီး ပရာရွတ်အား ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခြင်းကို ဩဂုတ် ၂၄ ရက်မှစတင်ကာ တရားရုံးက အမိန့်ချမှတ်သည်အထိ ဆိုင်းငံ့ထားရန်  ၅မဲ၄မဲနှင့် ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဩဂုတ် (၂၄)ရက်က တရားရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပရာရွတ်ဟာ တာဝန်မှ ဆိုင်းငံ့ခံထားရတဲ့ကာလများအတွင်း ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝေါင်ဆုဝန်က အိမ်စောင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူမှာဖြစ်တယ်လို့  အစိုးရရဲ့ ဥပဒေပညာရှင်လည်းဖြစ် ဒုတိယဝန်ကြီးချုပ်နောက်တစ်ဦးလည်း ဖြစ်တဲ့ ဝီဆန်နု ကရီနာ နမ်က ပြောပါတယ်။ ပရာဝတ်ဟာဒုတိယဝန်ကြီးချုပ်တွေအထဲမှာ ဝါအရင့်ဆုံးဖြစ်ပါတယ်။

“ ဒီ့အတွက် နိုင်ငံအုပ်ချုပ်ရေး၊ ရုံးလုပ်ငန်းဆောင်ရွက်မှုတွေနှင့် အစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်ရေးတွေ မှာ ဘာမှအကျိုးသက်ရောက်မှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးချုပ်ရုံး ဒုတိယအတွင်းရေးမှူးချုပ်နှင့် အစိုးရရဲ့ယာယီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အန်နူချာ ဘူရာပက်ချိုင်းဆရီက ပြောပါတယ်။

ဝန်ကြီးချုပ် ပရာရွတ်ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာတယ်လို့လည်း အန်နူချာက ပြောပါတယ်။

“ ပြည်သူတွေကို တရားရဲ့ရဲ့ အဆုံးအဖြတ်လေးစားကြပြီး တရားရုံးကို ဝေဖန်ပြစ်တင်ခြင်း ရှောင်ရှားကြပါလို့ ပရာရွတ်က တိုက်တွန်းပါတယ်။ ပြည်သူတွေအနေနှင့် နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် သော့ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုရှိကြဖို့လည်း သူကပြောပါတယ်” လို့ အန်နူချာကပြောပါတယ်။

လက်ရှိမှာ ကာကွယ်ရေးဝန်ကြီး ရာထူးလည်းရယူထားတဲ့ ပရာရွတ်ဟာ ဝန်ကြီးအဖွဲ့အစည်းအဝေးတွေကို ကာကွယ်ရေးဝန်ကြီး အဖြစ်တော့ ဆက်လက်တက်ရောက်မှာဖြစ်ပါတယ်။

တပ်ကရေးဆွဲပြီး ဆန္ဒခံယူပွဲနှင့် ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၇ အခြေခံဥပဒေအရ  ဝန်ကြီးချုပ်ရဲ့ သက်တမ်းကို (၈)နှစ် သတ်မှတ်ခဲ့ပါတယ်။ ပရာရွတ်ဟာ ၂၀၁၄ခုနှစ် ဩဂုတ်(၂၄)ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် ဘုရင်ဘူမိဘော အက်ဘ်ဒူယာဒက်ချ်က လက်မှတ်ရေးထို့းခန့်အပ်ခဲ့တာဖြစ်တယ်လို့ အတိုက်အခံတွေက စောဒကတက်ထားပါတယ်။

ဒါပေမယ့် အာဏာရပါတီကတော့ သူ့ရဲ့သက်တမ်းဟာ ၂၀၁၉ခုနှစ်ကမှ အခြေခံဥပဒေနှင့်အညီ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံရပြီး စတင်တာဖြစ်တယ်လို့ ပြန်လည်ငြင်းဆိုထားပါတယ်။

Source: Reuters

#Thailand_Politics

#Prayuth_Chan-ocha

#Thailand_prime_minister