#World_Business
Published 11 August 2022

 

အိန္ဒိယကုမ္ပဏီ‌တွေက ရုရှားကျောက်မီးသွေး တင်သွင်းဝယ်ယူရာမှာ အနောက်နိုင်ငံတွေမှ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို မချိုးဖောက်မိစေရန်နဲ့ အမေရိကန်ဒေါ်လာကို အသုံးမပြုချင်တာကြောင့် အာရှငွေကြေးများကို အသုံးပြုလာကြကြောင်း အကောက်ခွန်မှတ်တမ်းများနဲ့ စက်မှုလုပ်ငန်းအရင်းအမြစ်များမှ သိရှိရပါတယ်။

 

ရိုက်တာရဲ့ဖော်ပြချက်ရဲ့အရ အိန္ဒိယက ကျောက်မီးသွေးဝယ်ယူခြင်းမှာ တရုတ်ယွမ်ငွေပါဝင်လာပြီး အကောက်ခွန်အချက်အလက်တွေမှာတော့ ဒေါ်လာမဟုတ်တဲ့ငွေကြေးများ သုံးစွဲလာတဲ့အကြောင်းကို ဖော်ပြနေပါတယ်။


ယူကရိန်းစစ်ပွဲစကတည်းက အိန္ဒိယဟာ ရုရှားထံမှ ရေနံနဲ့ ကျောက်မီးသွေးများကို ပိုမိုတိုးမြှင့်ဝယ်ယူလာပါတယ်။

 

ဒါဟာ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရတဲ့ ရုရှားကို အထောက်အကူဖြစ်စေသလို အိန္ဒိယအနေနဲ့လည်း အခြားနိုင်ငံတွေထံမှ ဝယ်ယူတာထက်စာရင် သဘာဝလောင်စာတွေကို လျှော့ဈေးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

 

အိန္ဒိယကို ကျောက်မီးသွေးတင်ပို့တဲ့အထဲမှာ ရုရှားက တတိယအများဆုံးဖြစ်လာခဲ့ပြီး ဇွန်လက တန်ချိန် ၂.၀၆ သန်း တင်သွင်းခဲ့ပါတယ်။

 

ဇွန်လအတွင်း ရုရှားကျောက်မီးသွေး ၇၄၂,၀၀၀ တန်ချိန် ဝယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာမဟုတ်ဘဲနဲ့ အခြားငွေကြေးများဖြင့် ပေးချေခဲ့ကြပါတယ်။

အိန္ဒိယသံမဏိထုတ်လုပ်ရေးလုပ်ငန်းများနဲ့ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်းများက လတ်တလော ရုရှားကျောက်မီးသွေးဝယ်ယူရာမှာ ယူအေ‌အီးငွေ၊ ဟောင်ကောင်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ယူရိုတိုဖြင့် ဝယ်ယူခဲ့ကြပါတယ်။

 

ထိုထဲမှာမှ ယွမ်က ၃၁ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာက ၂၈ ရာခိုင်နှုန်း၊ ယူရိုက ၂၅ ရာခိုင်နှုန်းအောက်နဲ့ ယူအေအီးငွေက ၆ ပုံ ၁ ပုံခန့်ရှိပါတယ်။

 

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက အဆိုပါမှတ်တမ်းများနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖိုတောင်းဆိုထားတဲ့ အီးမေးလ်များကို ဖြေကြားခြင်းမရှိသလို စီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနတိုကလည်း မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

 

အိန္ဒိယဗဟိုဘဏ်ကလည်း မှတ်ချက်ပေးဖို့တောင်းဆိုမှုများကို မဖြေကြားခဲ့ပါဘူး။

 

ဗဟိုဘဏ်က လူသုံးကုန်ပစ္စည်းများအတွက် အိန္ဒိယငွေရူပီးနဲ့ပေးချေဖို့ ခွင့်ပြုလိုက်ပြီး ရုရှားနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးမြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အမေရိကန်ဒေါ်လာက အိန္ဒိယလူသုံးကုန်တင်သွင်းခြင်းမှာ အဓိကငွေကြေးဖြစ်လာပြီး နိုင်ငံခြားအရန်ငွေထဲမှာ အများဆုံးထားရှိတဲ့ငွေကြေးဖြစ်ပါတယ်။

 

အခြားငွေကြေးတွေနဲ့ ရောင်းဝယ်ဖို့အတွက်ဆိုရင်တော့ လိုချင်တဲ့ငွေကြေးနဲ့ပေးချေနိုင်ရန် ချေးငှားသူတွေက သူတို့နဲ့ချိတ်ဆက်ထားတဲ့ဘဏ်တွေဆီကို ဒေါ်လာပိုပေးရမှာ ဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group