#World_Health
Published 11 August 2022

 

အစားအစာထုပ်ပိုးခြင်းနဲ့ အချို့မီးဖိုချောင်သုံးပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုဓာတ်တွေဟာ ကင်ဆာဖြစ်နိုင်ချေ ၄ ဆကျော်လောက် ပိုများစေနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ သတိပေးထားပါတယ်။

 

ထိုအရာတွေမှာပါဝင်တဲ့ တာရှည်ခံဓာတုပစ္စည်းတွေက လူတွေမှာ အသည်းကင်ဆာကို ဖြစ်ပွားစေနိုင်ကြောင်း လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။
အဲဒီအဆိပ်အတောက်ဓာတုတွေကို အများဆုံးထိတွေ့မိတဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ချေ ၄.၅ ဆပိုများနေခဲ့ပါတယ်။

 

ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)ရဲ့ ထုတ်ပြန်ချက်အရ ထိုဓာတုပစ္စည်းတွေဟာ အိုးကပ်ခြင်းမဖြစ်စေတဲ့ မီးဖိုချောင်သုံးဒယ်အိုးများ၊ ဘေစင်ရေပိုက်ခေါင်းမှရေများ၊ ပင်လယ်စာများ၊ မိုးကာအင်္ကျီများ၊ သန့်ရှင်းရေးသုံးပစ္စည်းများနဲ့ ခေါင်းလျှော်ရည်အထိပါ ပါဝင်နေပါတယ်။

 

ဒီဓာတ်ပစ္စည်းတွေဟာ လူတွေကို ထိခိုက်ပျက်စီးစေလျက်ရှိပြီး အနာဂတ်မှာလည်း ကျန်းမာရေးကိုပိုမိုဆိုးရွားလာစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

 

ပိုလီဖလိုရိုအယ်လ်ကိုင်း(PFAS)လို့ခေါ်တဲ့ တာရှည်ခံဓာတုပစ္စည်းဟာ ပတ်ဝန်းကျင်နဲ့ ခန္ဓာကိုယ်ထဲမှာ ပြိုကွဲဖို့နှစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။

 

အသည်းကင်ဆာက အသည်းရောဂါတွေထဲမှာ နောက်ဆုံးအဆင့်ဖြစ်ပြီး PFAS က ကင်ဆာဖြစ်ပွားမှုနဲ့ဆက်စပ်နေခြင်းကို ပထမဆုံးအကြိမ် လေ့လာတွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေါက်တာ'ဂျက်ဆီဂွတ်ဒ်ရစ်ချ်'က ဖော်ပြခဲ့ပါတယ်။

 

အသည်းကင်ဆာဖြစ်ပွားသူ အယောက် ၅၀ ကို ရောဂါမရှိတဲ့သူအယောက် ၅၀ နဲ့နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။

 

ကင်ဆာဖြစ်ပွားတဲ့သူတွေရဲ့သွေးထဲမှာ ဓာတုဓာတ်ပစ္စည်းမျိုးစုံရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။

 

အစာစားရင်းနဲ့ ဓာတုပစ္စည်းတွေဟာ အသည်းထဲရောက်ရှိလာပြီး ခန္ဓာကိုယ်အနှံကို ရောက်ရှိသွားပါတယ်။

 

တာရှည်ခံဓာတုပစ္စည်းတွေက အသည်းထဲမှာစုပုံလာပြီးနောက် အသည်းရဲ့လုပ်ငန်းစဉ်များကို နှောင့်ယှက်လာကြပါတယ်။

 

အသည်းပတ်ဝန်းကျင်မှာ အဆီတွေပုံလာစေပြီး အသည်းအဆီဖုံးခြင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုဖြစ်ပွားလာရင် အသည်းကင်ဆာလည်း ဖြစ်နိုင်ချေပိုများလာကာ ဒါဟာ လတ်တလောကာလတွေမှာ အဖြစ်များလာတာကိုတွေ့ရပါတယ်။

 

ဒါကြောင့် အိမ်သုံးပစ္စည်းတွေမှာ တာရှည်ခံဓာတုပစ္စည်းများကို လျှော့ချထည့်သွင်းဖို့ အကြံပြုလာကြပါတယ်။

 

ဒါပေမဲ့ လူသုံးပစ္စည်းတွေမှာ ဓာတုဓာတ်များပါဝင်မှုကိုတော့ လက်ခံနိုင်လောက်တဲ့ပမာဏအတိုင်းအတာတစ်ခုအထိ ခွင့်ပြုသွားမှာဖြစ်ပါတယ်။

 

အရင်က ခွင့်ပြုခဲ့တဲ့ပမာဏက အလွန်မြင့်မားလွန်းတဲ့အတွက် အခုအခါတော့ များစွာလျှော့ချသတ်မှတ်ထားပါတယ်။

 

Source: Daily Mail
#Yangon_Media_Group