Published-8 Sept 2021

အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ်က အကျဉ်းထောင်တစ်ခုမှာ စက်တင်ဘာ၈ရက် ဗုဒ္ဓဟူးနေ့ နံနက်စောစောက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၄၁ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ အရာရှိ တစ်ဦးကပြောပါတယ်။

တန်ဂါရန် အကျဉ်းထောင်ရဲ့ အဆောင်စီမှာ မနက်၁နာရီကနေ ၂နာရီအထိ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အခုထက်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတုန်းပဲလို အကျဉ်းဌာနရဲ့ ပြောရေးဆိုခွင့်ရ ရီကာ အပရီယန်တီက ပြောပါတယ်။

“အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲ” လို့ သူမက ပြောပါတယ်။

အကျဉ်းသား ၄၁ဦးသေဆုံးပြီး ရှစ်ဦးက အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ၇၂ဦးကတော့ အနည်းအကျဉ်းဒဏ်ရာရရှိခဲ့တယ်လို့ ဂျာကာတာရဲချုပ် ဖက်ဒီအမ်ရန်က အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။

အကြောင်းရင်းကို စုံစမ်းနေတုန်းဖြစ်ပေမယ့် လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ခြေများနေပါတယ်။

“ မီးလောင်တဲ့မြင်ကွင်းကို စစ်ဆေးကြည့်တဲ့အခါ ဝါယာရှော့ဖြစ်တာလို့ သံသယဖြစ်မိတယ်” လို့ သူကပြောပါတယ်။

အဆောင်စီမှာ အကျဉ်းသား ၄၀ဦးပဲဆန့်တယ်လို့ အပရီယန်တီကပြောပါတယ်။

အဲဒီအဆောင်မှာ မူးယစ်ဆေးဝါးမှုနှင့် ထောင်ကျလာသူတွေကို ထားတာဖြစ်ပြီး အကျဉ်းသား ၁၂၂ဦးရှိနေတယ်လို့ သူမက ပြောပါတယ်။

မီးလောင်တဲ့အချိန် အကျဉ်းသားဘယ်နှစ်ဦးရှိနေတယ်ဆိုတာကို သူမက မပြောပေမယ့် လူတွေကြပ်ညပ်နေတာကိုတော့ ပြောပါတယ်။

Source:AFP