#World_Health
Published 7 August 2022

 

အဟာရပြည့်ဝစွာစားသုံးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ချေနည်းပါးခြင်းတို့ ဆက်စပ်နေကြောင်း လေ့လာချက်အများအပြားမှာ ဖော်ပြထားကြပါတယ်။

 

အခုလေ့လာချက်အသစ်တစ်ခုမှာတော့ ကာဗိုဟိုက်ဒရိတ်ဓာတ်က ကင်ဆာရောဂါအချို့ကို ကာကွယ်တဲ့နေရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေနိုင်ကြောင်း ဖော်ပြလာကြပါတယ်။

 

ငှက်ပျောသီး၊ ပါ့စ်တာခေါက်ဆွဲ၊ ဆန်၊ ကွေကာ၊ ဂျုံစပါးတို့မှာ ကာဗိုဟိုက်ဒရိတ်ဓာတ် ပါဝင်ကြပါတယ်။

 

ထိုအစားအစာတွေမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက အချို့သောကင်ဆာဖြစ်နိုင်ချေတွေကို တဝက်ကျော်လောက်အထိ လျှော့ချနိုင်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

အူမကြီးကင်ဆာအပါအဝင် ကင်ဆာအများအပြားဖြစ်စေနိုင်တဲ့ Lynch Syndrome ဝေဒနာသည် ၁ ထောင်နီးပါးကို လေ့လာခဲ့ကြပါတယ်။

 

ကာဗိုဟိုက်ဒရိတ်ဓာတ်က အမျိုးမျိုးသောကင်ဆာဖြစ်နိုင်ချေများကို ၆၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ နယူးကာဆယ်တက္ကသိုလ်မှ အဟာရကျွမ်းကျင်ပညာရှင်ပရော်ဖက်ဆာ 'ဂျွန်မေသာစ်'က IFLScience ကို ပြောကြားခဲ့ပါတယ်။

 

ထိုသက်ရောက်မှုက အူအထက်ပိုင်းနေရာမှာ အထင်ရှားဆုံးဖြစ်နေပါတယ်။

 

"ဒီတွေ့ရှိချက်ကအရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ အစာအိမ်အူလမ်းကြောင်းအထက်ပိုင်းကင်ဆာက ရောဂါရှာဖွေတွေ့ရှိဖို့ခက်ခဲပြီး ရောဂါအစောပိုင်းအဆင့်မှာ လက္ခဏာမပေါ်ဘဲဖြစ်နေတတ်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

 

ကာဗိုဟိုက်ဒရိတ်ဓာတ်က အူတွေထဲမှာ ကောင်းကျိုးပြုဘက်တီးရီးယားများ တိုးပွားစေကာ ကင်ဆာလိုရောဂါတွေကိုကာကွယ်နိုင်မယ့် ဓာတုပစ္စည်းများထုတ်လုပ်ပေးပါတယ်။

 

ဒါကြောင့် အမျှင်ဓာတ်ပါဝင်တဲ့အစာတွေကို နေ့စဉ်စားသုံးခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တာဖြစ်ပါတယ်။

 

ကာဗိုဟိုက်ဒရိတ်ဓာတ်ဖြည့်စွက်စာတွေကို ၂ နှစ်တိုင်အောင် နေ့စဉ်သုံးစွဲခဲ့သူတွေမှာ အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပြီး ဖြည့်စွက်စွာမသုံးဘဲ နောက် ၁၀ နှစ်အထိ လေ့လာစောင့်ကြည့်ခဲ့ကြပါတယ်။

 

ကာဗိုဟိုက်ဒရိတ်ဓာတ်စားသုံးတဲ့အခါ အစာရေမြို၊ အစာအိမ်၊ သည်းခြေလမ်းကြောင်း၊ ပန်ကရိယကင်ဆာများအပါအဝင် အစာအိမ်အူလမ်းကြောင်းကင်ဆာအခြေအနေတွေ သိသိသာသာတိုးတက်လာနိုင်ပါတယ်။

 

အက်စ်ပရင်ကလည်း Lynch Syndrome ဝေဒနာသည်တွေအတွက် အကျိုးပြုနိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကို တဝက်လောက်အထိလျှော့ချနိုင်ပါတယ်။

 

ထိုကဲ့သို့တွေ့ရှိခဲ့ကြပေမယ့်လည်း နောက်ဆုံးကောက်ချက်ချဖို့အတွက်တော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။

 

"အစာအိမ်အူလမ်းကြောင်းအပေါ်ပိုင်းကို ကာကွယ်ပေးနိုင်စွမ်းက သိပ်ပြီး မမျှော်မှန်းနိုင်သေးတာကြောင့် နောက်ထပ်သုတေသနပြုလုပ်ရဦးမှာဖြစ်ပါတယ်" လို့ စမ်းသပ်မှုများပြုလုပ်နေတဲ့ လိဒ်စ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'တင်မ်ဘစ်ရှော့'က ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group