#World_News
Published 6 August 2022

 

လော့စ်အိန်ဂျလိစ်လမ်းဆုံတစ်ခုကို အရှိန်မြှင့်တင်ပြီးဖြတ်သန်းမောင်းနှင်ခဲ့ကာ ကားတိုက်မှုဖြစ်စေခဲ့တဲ့ တရားခံယာဉ်မောင်းကို ကယ်လီဖိုးနီးယားအဝေးပြေးကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိထားပါတယ်။

 

လမ်းဆုံမှာ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းခဲ့တာကြောင့် ကားတိုက်မှုများဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့တဲ့အပြင် ကလေးငယ်တစ်ဦး၊ ကိုယ်ဝန်သည်တစ်ဦးနဲ့ ဗိုက်ထဲကသန္ဓေသားအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပါတယ်။

 

ကြာသပတေးနေ့မွန်းလွဲပိုင်းမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ကားက မာစီဒီးစ်ဘန့်ဇ်အမျိုးအစားဖြစ်ပြီး မောင်းနှင်လာသူက အသက် ၄၀ အရွယ် သူနာပြုအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

 

ယခုအခါ ထိုအမျိုးသမီးယာဉ်မောင်းကို မော်တော်ယာဉ်ဖြင့်လူသတ်မှု၊ ပေါ့ဆမှုတို့နဲ့ တရားစွဲဆိုထားကြောင်း Fox LA က ဖော်ပြခဲ့ပါတယ်။

 

အခင်းဖြစ်ပွားရာ လော့စ်အိန်ဂျလိစ် အနောက်ပိုင်း ဝင်ဆာဟေးလ်စ်ဒေသမှ မျက်မြင်သက်သေတွေက Fox News ကိုပြောကြားရာမှာ ကားတိုက်တဲ့အသံက ဗုံးပေါက်ကွဲသံလို အကျယ်ကြီးဖြစ်ကြောင်း၊ ကားထဲက ကလေးတစ်ယောက်လွင့်ထွက်လာပြီး ဓာတ်ဆီဆိုင်ထဲပြုတ်ကျသွားကြောင်း သိရပါတယ်။

 

"အမျိုးသမီးတစ်ဦးက လွင့်ထွက်လာတဲ့ကလေးကို ကောက်ယူပြီး ဆိုင်ထဲကို ပြေးဝင်သွားပါတယ်၊ ဒါပေမဲ့ ကလေးကအသက်မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်" လို့ 'အယ်လ်ဖွန်ဆိုဝေါ့ဒ်'က ပြောပြခဲ့ပါတယ်။

 

"အဆိုးဆုံးကတော့ အော်သံကြီးကြားလိုက်ရတာပါပဲ၊ မီးလောင်တဲ့ကားထဲက အသံလား ဘယ်ကလဲဆိုတာ မသိလိုက်ပါဘူး"
ကားတိုက်တဲ့နေရာအနောက်ဘက် ၂ စီး ၃ စီးအကွာမှာရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကလည်း အသက်ရှင်နေတာပဲ ကံကောင်းခဲ့ကြောင်း၊ မီးလောင်နေတဲ့ကားထဲကလူတွေ အော်ဟစ်ပြီး ရုန်းကန်ထွက်ခဲ့ကြကြောင်း Fox News ကိုပြောပြခဲ့ပါတယ်။

 

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်း စုစုပေါင်း ၆ ဦးသေဆုံးပြီး ၈ ဦးဆေးရုံတင်လိုက်ရပါတယ်။

 

ကား ၇ စီး တိုက်မိခဲ့ပြီး ၃ စီး မီးလောင်ကျွမ်းခဲ့ပါတယ်။

 

ကယ်လီဖိုးနီးယားအဝေးပြေးကင်းလှည့်အဖွဲ့မှ အရာရှိက ထိုနေရာမှာ စစ်ပွဲဖြစ်ပွားနေသလိုပဲလို့ ပြောပြခဲ့ပါတယ်။

 

မာစီဒီးစ်ယာဉ်မောင်းလည်း ယာဉ်တိုက်မှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။

Source: Fox News
#Yangon_Media_Group