#Covid_Vaccines
Published 3 August 2022

 

ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်ချေရှိပြီး အားမြှင့်ကာကွယ်ဆေး (booster)ဒုတိယအကြိမ်ထိုးနှံမယ့်သူတွေအနေနဲ့ အဆင့်မြှင့်ထုတ်လုပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို မစောင့်ဆိုင်းသင့်တော့ကြောင်း ကာကွယ်ဆေးကျွမ်းကျင်ပညာရှင်များက ရိုက်တာကိုပြောပြခဲ့ပါတယ်။

 

အိုမီခရွန်မျိုးဗီဇကွဲကို အထူးတလည်ပစ်မှတ်ထားထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ဆောင်းဦးကာလမှာ ထိုးနှံနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

 

အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှာ အိုမီခရွန် BA.5 မျိုးဗီဇကွဲပျံ့ပွားလျက်ရှိပြီး လက်ရှိကာကွယ်ဆေးတွေက ရောဂါဆိုးရွားခြင်းနဲ့အသက်သေဆုံးခြင်းတို့ကိုတော့ ကာကွယ်ပေးနိုင်ဆဲဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်က ဗီဇပြောင်းလဲနေတာကြောင့် ဆောင်းဦးကာလမှာ မည်သည့်မျိုးဗီဇကွဲပျံ့ပွားမလဲဆိုတာ မသိရှိနိုင်ပါဘူး။

 

ဒါကြောင့် အားမြှင့်ကာကွယ်ဆေးထိုးဖို့လိုအပ်ရင် အခုထိုးထားသင့်ကြောင်း ဝေးလ်ကော်နယ်လ်ဆေးပညာကောလိပ်မှ အဏုဇီဝဗေဒပရော်ဖက်ဆာ ဒေါက်တာ'ဂျွန်မိုး'က အသိပေးလိုက်ပါတယ်။

 

အမေရိကန်မှာတော့ မူလဗိုင်းရပ်စ်အပြင် BA.4 နဲ့ BA.5 အိုမီခရွန်မျိုးနွယ်ကွဲတွေကိုပါ ပစ်မှတ်ထားကာကွယ်နိုင်မယ့် အားမြှင့်ကာကွယ်ဆေးတွေကိုထုတ်လုပ်ဖို့ တာဝန်ရှိသူများက ဖိုင်ဇာ/ဘိုင်အိုတက်ခ်နဲ့ မိုဒါနာကုမ္ပဏီတို့ကို မှာကြားထားပါတယ်။

 

အစိုးရက မိုဒါနာကာကွယ်ဆေး ၆၆ သန်းမှာယူထားပြီး ရှိပြီးသား ဖိုင်ဇာဘိုင်အိုတက်ခ် ၁၀၅ သန်းနဲ့ပေါင်းလိုက်ရင် ကာကွယ်ဆေးပေါင်း ၁၇၁ သန်းရှိကာ ဆောင်းဦးကာလအစောပိုင်းမှာ ထိုးနှံပေးနိုင်ဖို့မျှော်လင့်ထားပါတယ်။

 

အမေရိကန်အာဏာပိုင်တွေက မူလဗိုင်းရပ်စ်နဲ့ အိုမီခရွန်မျိုးဗီဇကွဲကို ပစ်မှတ်ထားကာကွယ်နိုင်မယ့် ကာကွယ်ဆေးအသစ်ကို မျှော်လင့်နေကြပြီး နောင်ထွက်ပေါ်လာနိုင်တဲ့မျိုးဗီဇကွဲတွေကိုပါ ကာကွယ်နိုင်ဖို့ မျှော်မှန်းနေကြပါတယ်။

 

လက်ရှိပျံ့ပွားမှုနဲ့ ကိုယ်ခံအားတာရှည်ခံခြင်းအရ အခုလက်ရှိကာကွယ်ဆေးတွေက ရောဂါဆိုးရွားနိုင်မယ့်သူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

 

"အိုမီခရွန်ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေက နတ်ဆေးလိုမျိုးမဟုတ်ပါဘူး၊ ကပ်ရောဂါကြီးကို ဖယ်ရှားနိုင်မယ်လို့ မယူဆသင့်ပါဘူး၊ လက်ရှိကာကွယ်ဆေးတွေထက်တော့ အနည်းငယ်ပိုသာတဲ့ သဘောရှိပါတယ်" လို့ ဒေါက်တာ'မိုး'က ဆိုပါတယ်။

 

အိုမီခရွန်ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေသာ တကယ်ထိရောက်ကြောင်း အထောက်အထားပြနိုင်ရင် ထိုးဖို့လူတွေအများကြီးစောင့်ဆိုင်းနေကြမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယားမှ မျိုးဗီဇကျွမ်းကျင်ပညာရှင် ဒေါက်တာ'အဲရစ်တိုပိုလ်'က ပြောပြသွားပါတယ်။

 

Source: Reuters
#Yangon_Media_Group