#World_Politics
Published 3 August 2022

 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့သွားရောက်လည်ပတ်မှုအပေါ် တရုတ်တို့က မကျေနပ်ကြောင်းဆက်တိုက် ထုတ်ဖော်ကြေညာလျက်ရှိရာ ယခုလည်း ဒီလုပ်ရပ်ဟာ အန္တရာယ်များပြီး မိုက်မဲတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဩဂုတ် ၃ ရက်နေ့မှာပြောကြားခဲ့ပါတယ်။

 

ထိုင်ဝမ်ကိုလည်း စီးပွားရေးဆိုင်ရာနဲ့ အခြားကိစ္စရပ်တွေမှာ ပိတ်ဆို့အရေးယူသွားဖို့ တရုတ်တို့က ကြေညာခဲ့ပါတယ်။

 

"အမေရိကန်အနေနဲ့ အဖြစ်မှန်တွေကို စိတ်ကူးယဉ်လှည့်ဖျားဖို့ မသင့်ပါဘူး၊ တရုတ်ကြောင့် အခြေအနေတွေတင်းမာရတယ်လို့ အမေရိကန်ဘက်ကဆိုထားပေမယ့် တကယ်တမ်းက ထိုင်ဝမ်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်ကိုအရင်ရန်စခဲ့ကာ တရုတ်တို့ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးတို့ကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး'ဝမ်ယိ'က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲပြုလုပ်ရာ ဖနွမ်ပင်းမြို့ကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

"ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့လုပ်ရပ်ကြောင့် နိုင်ငံရေးတင်းမာမှုများနဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့လာရနိုင်ပါတယ်၊ ဒါ့အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆန့်ကျင်လျက်ရှိကာ အာရှပစိဖိတ်ဒေသရှိ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဝေဝါးစေပါတယ်" လို့ ဆိုပါတယ်။

 

တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်အဖြစ်ရှုမြင်ပြီး လိုအပ်ပါက အင်အားသုံး ပြန်လည်သိမ်းပိုက်သွားဖို့ ကြံရွယ်ထားပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်'ချင်ကန်'က ဒီဖြစ်ရပ်အတွက် သံတမန်ရေးအရကန့်ကွက်ကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဌာနတိုထံ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

ဒုတိယနိုင်ငံခြားရေးဝန်ကြီး'ရှီဖန်'က အမေရိကန်အနေနဲ့ ယင်းတို့လုပ်ရပ်ကို ချက်ချင်းဖြေရှင်းချက်ပေးရန်တောင်းဆိုလိုက်ပြီး ခရီးစဉ်ရဲ့ဆိုးကျိုးသက်ရောက်မှုတွေကို ပြန်လည်ချေဖျက်နိုင်ဖို့ လက်တွေ့ကျကျလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

 

"ဒီလုပ်ရပ်က အလွန်ဆိုးရွားပြီး အကျိုးဆက်တွေကလည်း ပြင်းထန်လာမှာပါ၊ တရုတ်က ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး"

 

ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်တို့က ထိုင်ဝမ်ကျွန်းထံမှ ရှောက်သီးနဲ့ ငါးအမျိုးအစားအချို့ တင်ပို့ခြင်းများကို တားမြစ်လိုက်ပြီး ထိုင်ဝမ်ကို စီးပွားရေးအရပိုမိုတင်းကျပ်လာအောင် ပြုလုပ်လိုက်ပါပြီ။

 

တနင်္လာနေ့ကအထိ ထိုင်ဝမ်တင်ပို့ကုန်ပစ္စည်း ၁၀၀ ကျော်ကိုလည်း တရုတ်တို့က ပိတ်ပင်ခဲ့ပါတယ်။

 

ထိုင်ဝမ်ကျွန်းတောင်ပိုင်းက သစ်သီးထွက်ရာဒေသဟာ ထိုင်ဝမ်ရဲ့အဓိက စီးပွားရေးဝင်ငွေဖြစ်နေခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် တရုတ်ကနေ ထိုင်ဝမ်သို့ သဘာဝသဲတင်ပို့ခြင်းကို ပိတ်ပင်လိုက်ပါတယ်။

 

ဗီယက်နမ်လို့ တခြားနိုင်ငံတွေကနေ တင်သွင်းရတဲ့စရိတ်စကကြီးမားတာကြောင့် ထိုင်ဝမ်က သဲနဲ့ကျောက်စရစ်တင်သွင်းခြင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်ကနေ တင်သွင်းရပါတယ်။

 

ထိုင်ဝမ်ဟာ တရုတ်နဲ့ စီးပွားရေးအရ နက်နဲတဲ့ဆက်ဆံမှုရှိနေပြီး အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပါတယ်။

 

အင်္ဂါနေ့ညက ထိုင်ဝမ်သို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာပြီးနောက် ထိုင်ဝမ်ရေလက်ကြားမှာ ဒုံးကျည်ပစ်ခတ်မှုများနဲ့ တာဝေးပစ်ခတ်မှုများစတဲ့ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်သွားဖို့စီစဉ်ထားကြောင်း တရုတ်လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းထိန်းချုပ်ကွပ်ကဲရေးဌာနက ကြေညာထားပါတယ်။

 

ရှင်ဟွာသတင်းဌာနရဲ့ကြေညာချက်မှာလည်း တရုတ်က ထိုင်ဝမ်အနီးနားတဝိုက်က နေရာ ၆ နေရာမှာ ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမယ်လို့ တင်ပြခဲ့ပါတယ်။
ထိုင်ဝမ်ကလည်း ထိုအခြေအနေတွေအတွက် အထူးတပ်လှန့်ထားကာ အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို အချိန်နဲ့တပြေးညီ တုံ့ပြန်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။

 

Source: The Straits Times
#Yangon_Media_Group