#Health_Tips
Published 2 August 2022

 

အမေရိကန်နဲ့ ယူကေတို့ရှိ အရွယ်ရောက်ပြီးသူ ၃ ပုံ ၂ ပုံခန့်ဟာ တစ်နေ့တာအိပ်စက်ချိန် ၈ နာရီလုံလောက်အောင် မရရှိကြဘဲ ပျမ်းမျှအားဖြင့် ၆ နာရီလောက်သာ အိပ်ချိန်ရှိနေကြပါတယ်။

လုပ်ငန်းခွင်တာတွေကြောင့် အိပ်ချိန်မလုံလောက်တာမျိုး ဖြစ်ကြပေမယ့် ခေတ်မီနည်းပညာများစွဲလမ်းစွာ အသုံးပြုခြင်း၊ လေ့ကျင့်ခန်းမလိုက်စားခြင်း၊ စားသောက်ခြင်းပုံစံမမှန်ခြင်းတို့ကြောင့်လည်း အိပ်ချိန်နည်းပါးနေရတာဖြစ်ပါတယ်။

 

အကောင်းဆုံးအိပ်စက်ခြင်းရရှိစေရန် ကျွမ်းကျင်သူဆရာဝန်များက ၁၀-၃-၂-၁ ဖော်မြူလာအတိုင်း တစ်ဆင့်ချင်းလုပ်ဆောင်သွားဖို့ အကြံပြုထားပါတယ်။

 

*ညမအိပ်ခင် ၁၀ နာရီအလိုကစပြီး ကဖင်းဓာတ်သောက်သုံးခြင်းကိုရှောင်ရှားပါ*
ကဖင်းဓာတ် ပါဝင်တဲ့သောက်စရာများကို ညအိပ်ရာမဝင်ခင် ၁၀ နာရီအလိုကတည်းက မသောက်သင့်တော့ပါဘူး။

 

ဥပမာ ည ၁၁ နာရီအိပ်လေ့ရှိသူဟာ နေ့လယ် ၁ နာရီနောက်ပိုင်းကတည်းက ကော်ဖီ၊ လက်ဖက်ရည်၊ အားမြှင့်အချိုရည်များ မသောက်သင့်ပါဘူး။

 

ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်ကို ချေဖျက်ဖို့ ပျမ်းမျှအားဖြင့် ၁၀ နာရီခန့်ကြာမြင့်တတ်ပါတယ်။

 

ကဖင်းဓာတ်က အသိဉာဏ်ကိုအားကောင်းစေပြီး အိပ်ငိုက်ခြင်းခံစားမှုမျိုးကို ခဏတာဖယ်ရှားပေးပါတယ်။

 

ဒါပေမဲ့ အာရုံခံစားသိရှိမှုတွေကို လှုံ့ဆော်ပေးနေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

 

*ညစာနဲ့ယမကာများကို အိပ်ရာမဝင်ခင် ၃ နာရီအလိုမှာ အပြီးစားသုံးပါ*

 

၁၀-၃-၂-၁ နည်းလမ်းအရ ညစာနဲ့ ယမကာဖျော်ရည်များကို ညမအိပ်ခင် ၃ နာရီနောက်ဆုံးထားပြီး စားသောက်ဖို့အကြံပြုပါတယ်။

 

ဒါဟာ ခန္ဓာကိုယ်ကို အစာချေဖျက်ဖို့ အချိန်ပေးလိုက်တဲ့သဘောပါပဲ။
နောက်ကျမှစားသောက်ခြင်းမျိုးက အစာချေဖျက်ဖို့အချိန်နည်းပါးသွားပြီး အစာအိမ်အက်ဆစ်လျှံထွက်စေနိုင်တဲ့အပြင် ညအိပ်ခါနီးအစာချေစနစ်အလုပ်လုပ်တဲ့အခါ အိပ်ရတာသက်တောင့်သက်သာ မဖြစ်စေပါဘူး။

 

ညအိပ်ခါနီး ၂ နာရီအလိုမှ စားသောက်တဲ့အခါ သွေးပေါင်ချိန်မြင့်တက်လာကာ စိတ်ဖိစီးမှုဟော်မုန်းတွေထွက်လာစေပြီး နှလုံးနဲ့ပတ်သက်တဲ့ဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။

 

*ညမအိပ်ခင် ၂ နာရီအလို နောက်ဆုံးထားပြီး အလုပ်နားပါ*
ညအိပ်ရာမဝင်ခင် ၂ နာရီလောက်ကတည်းက ဦးနှောက်ကိုအနားပေးသင့်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 

ထိုအချိန်အတွင်းမှာ အလုပ်နဲ့ပတ်သက်တဲ့ အီးမေးလ်၊ ဖုန်း၊ နောက်နေ့အစီအစဉ်များနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စဉ်းစာတွေးခေါ်ခြင်းကနေ ရပ်တန့်သင့်ပါတယ်။

 

ကောင်းစွာအိပ်မပျော်သူတွေက စိတ်ဖိစီးမှုနဲ့ ပူပန်မှုကြောင့်လို့ ယူဆကြပါတယ်။

 

အလွန်အကျူးဖြစ်လာတဲ့အခါ ပိုမိုနိုးကြားစေတဲ့ ဟော်မုန်းတွေထွက်လာပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်မြင့်တက်လာနိုင်ပါတယ်။

 

*မအိပ်ခင် ၁ နာရီအလိုတွင် တီဗီ၊ ဖုန်းများ အသုံးမပြုသင့်ပါ*
ညအိပ်ခါနီးအချိန်တွေမှာ ဖုန်း၊ လက်ပ်တော့၊ တီဗီစတဲ့ စက်ပစ္စည်းများကြည့်ရှုခြင်းဖြင့် နေ့ညပုံမှန်ဟော်မုန်းများထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

 

ညအချိန်မှာ ထိုကဲ့သို့ကြည့်ရှုခြင်းက အလင်းရောင်ဓာတ်ရရှိစေတာကြောင့် အိပ်ပျော်ခြင်းကိုဖြစ်စေတဲ့ဟော်မုန်းထွက်ရှိမှုကို ရပ်တန့်စေပါတယ်။

 

ဒီလိုပြောင်းလဲမှုတွေကြောင့် ညအိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတာဖြစ်ပါတယ်။

 

Source: DailyMail
#Yangon_Media_Group