#World_News
Published 2 August 2022

 

အမေရိကန်က အယ်လ်ကိုင်ဒါအဖွဲ့ခေါင်းဆောင်'အေမန်အယ်လ်ဇာဝါဟီရီ'ကို အာဖဂန်နစ္စတန်နိုင်ငံအတွင်း အသေပစ်သတ်နိုင်ခဲ့ကြောင်း သမ္မတ'ဂျိုးဘိုင်ဒန်'က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

 

ဒီသတင်းဟာ အယ်လ်ကိုင်ဒါအဖွဲ့တည်ထောင်သူ'အိုစာမာဘင်လာဒင်' ၂၀၁၁ ခုနှစ်က အသတ်ခံရပြီးနောက်ပိုင်း အဆိုပါစစ်သွေးကြွအဖွဲ့အတွက် အကြီးမားဆုံးနစ်နာဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

 

'ဇာဝါဟီရီ'ဟာ အီဂျစ်ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်သူပေါင်း ၃ ထောင်နီးပါးသေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်မှုမှာ ပါဝင်ကူညီခဲ့တာကြောင့် သူ့ရဲ့အသက်အတွက် ဒေါ်လာ ၂၅ သန်းဆုကြေး ထုတ်ထားပါတယ်။

 

အာဖဂန်မြို့တော်ကာဘူးလ်မှာ အမေရိကန်ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ တနင်္ဂနွေနေ့ မနက် ၆ နာရီ ၁၈ မိနစ်မှာ 'ဇာဝါဟီရီ'သေဆုံးခဲ့တာဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့ကြပါတယ်။

 

"အခုတော့ တရားမျှတအောင် စီရင်လိုက်နိုင်ပါပြီ၊ အကြမ်းဖက်ခေါင်းဆောင်မရှိတော့ပါဘူး၊ အမေရိကန်နိုင်ငံသားတွေကို ခြိမ်းခြောက်လာရင် ဘယ်လောက်ပဲရှာရရှာရ ပြေးမလွတ်ပါဘူး၊ အမေရိကန်ကတွေ့အောင်ရှာပြီး ပြစ်ဒဏ်ချသွားမှာပါ" လို့ သမ္မတ'ဘိုင်ဒန်'က အိမ်ဖြူတော်မှာပြောကြားခဲ့ပါတယ်။

 

အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ထောက်လှမ်းရေးလမ်းကြောင်းဘက်ပေါင်းစုံကနေ အကဲဖြတ်ခဲ့ရာ သေဆုံးသွားတဲ့လူက 'ဇာဝါဟီရီ'ဖြစ်တယ်ဆိုတာ အလွန်သေချာကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောကြားရာမှာ 'ဇာဝါဟီရီ'က ကာဘူးလ်မြို့ရှိ နေအိမ်တစ်ခုမှာ မိသားစုဝင်များနဲ့နေထိုင်နေတာဖြစ်ပြီး ဝရန်တာမှာရှိနေခိုက်အသတ်ခံလိုက်ရကာ တခြားထိခိုက်မှုများ မရှိခဲ့ပါဘူး။

 

'ဇာဝါဟီရီ'ဟာ USS Cole သင်္ဘောနဲ့ ကင်ညာ၊ တန်ဇန်နီးယားတိုရှိ အမေရိကန်သံရုံးများကို တိုက်ခိုက်ခဲ့မှုတွေမှာ နောက်ကွယ်ကနေ အဓိကချုပ်ကိုင် ပါဝင်ခဲ့သူဖြစ်ကြောင်း 'ဘိုင်ဒန်'ကဆိုပါတယ်။

 

"ဇာဝါဟီရီက အမေရိကန်နိုင်ငံတော်လုံခြုံရေး၊ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်ရဲ့အကျိုးစီးပွားကို အမြဲခြိမ်းခြောက်နေသူပါ၊ သူ့ရဲ့သေဆုံးမှုက အယ်လ်ကိုင်ဒါအတွက် အလွန်အထိနာပြီး စစ်သွေးကြွအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေ နိမ့်ပါးသွားတော့မှာဖြစ်တယ်"လို့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

လတ်တလောနှစ်များ အတွင်း 'ဇာဝါဟီရီ'သေဆုံးခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့တဲ့အပြင် ကျန်းမာရေးမကောင်းဘူးလို့လည်း သတင်းကြားနေခဲ့ရပါတယ်။

 

ယခုတိုက်ခိုက်ခြင်းဟာ အမေရိကန်တပ်ဖွဲ့များနဲ့ သံတမန်တွေ ၂၀၂၁ ဩဂုတ်လက အာဖဂန်မှထွက်ခွာပြီးနောက်ပိုင်း နိုင်ငံအတွင်း အမေရိကန်တို့ ပထမဆုံးအနေနဲ့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

 

ဒါဟာ အာဖဂန်နိုင်ငံအတွင်း အမေရိကန်တပ်များ မရှိဘဲနဲ့တောင် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ဆဲဖြစ်တယ်ဆိုတာကို ပြသရာရောက်ပါတယ်။

 

တာလီဘန်မှ ပြောရေးဆိုခွင့်ရှိသူ'ဇာဘီဟူလာမူဂျာဟစ်'က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းအတည်ပြုခဲ့ပြီး နိုင်ငံတကာအခြေခံမူများကို ချိုးဖောက်ရာကျကြောင်း ပြင်းပြင်းထန်ထန်ရှုတ်ချ လိုက်ပါတယ်။

 

'ဇာဝါဟီရီ'ဟာ အယ်လ်ကိုင်ဒါအဖွဲရဲ့ ဗျူဟာမှူးဖြစ်ပြီး နှစ်ပေါင်းများစွာ စီစဉ်ကြီးကြပ်ခဲ့ပြီးနောက် 'ဘင်လာဒင်'ရဲ့နေရာကို ဆက်ခံခဲ့သူဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group