Published: 1 August 2022

အိန္ဒိယနိုင်ငံဟာ ယင်းရဲ့ ပထမဆုံးသော မျောက်ကျောက်ရောဂါဖြင့်သေဆုံးမှုကို အတည်ပြုပါတယ်။ သေဆုံးသူဟာ တောင်ပိုင်း ကာရာလာပြည်နယ်ကဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံဟာ မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်းကြေညာပြီး ဘရာဇီးကလည်း ပထမဆုံးသေဆုံးသူ တစ်ဦးကို ကြေညာခဲ့ပါတယ်။ အဲဒါကြောင့် အိန္ဒိယမှာ သေဆုံးမှုဟာ အတည်ပြုသေဆုံးမှု (၄)ဦးမြောက် ဖြစ်ပါတယ်။ အဲဒီအပြင် အာရှမှာ ပထမဆုံးသေဆုံးမှုဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် ဇူလိုင် ၂၃ရက်က ကြေညာခဲ့ပါတယ်။

“ ဇူလိုင် ၂၁ရက်မှာ သူဟာ ကာရာလာကိုရောက်လာပြီး  မောပန်းပြီးဖျားနာလာလို့  ဇူလိုင် ၂၆ ရက်က မှ ဆေးရုံ ရောက်လာခဲ့တာဖြစ်ပါတယ်” လို့ ဝန်ကြီး ကေရာဂျန်ကပြောပါတယ်။ ပထမအဆင့်ထိတွေ့ဆက်ဆံခဲ့သူတွေဆီမှာ ဘာရောဂါလက္ခဏာမှပြသခြင်းမရှိလို့  ပြည်သူတွေအနေနှင့် အထိတ်တလန့်ဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

အဲဒီသူဟာ အိန္ဒိယကို ပြန်မရောက်ခင် ယူအေအီးမှာ  ဆေးစစ်တဲ့အခါ မျောက်ကျောက်ရောဂါပေါ့စတစ်ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေကို မိသားစုကပြောတဲ့အကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာ ဂျော့က ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းအထိ နိုင်ငံပေါင်း ၇၈ နိုင်ငံမှာ မျောက်ကျောက် ကူးစက်မှုပေါင်း ၁၈၀၀၀ ရှိခဲ့ပြီး အများစုဟာ ဥရောပ မှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ ကျောက်ရောဂါထက် ရောဂါလက္ခဏာ ပျော့ပြီး အလယ်နှင့် အနောက်အာဖရိကမှာ အဓိကဖြစ်ပွားတဲ့ရောဂါဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ရောဂါဟာ တိရိစ္ဆာန်ကနေလူသားကို ကူးစက်တာဖြစ်ပါတယ်။

Source: Reuters

#India_Monkeypox_dead

#Monkeypox

#World_Health