Published- 5 September 2021
ဗီယက်နမ်နိုင်ငံအနေနှင့် ရုရှားနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေး စပွတ်နစ် ဗွီ ဆေးလုံးရေ သန်း ၂၀ ရရှိမယ်လို့ စက်တင်ဘာ ၄ရက်နေ့မှာ ဗီယက်နမ်အစိုးရက ပြောလိုက်ပါတယ်။
ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂျိုင်းနှင့် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အယ်လက်ဇီကရီဗိုရုချ်ကိုတို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ တွေ့ဆုံကြပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
 
ယခုအထိ ဗီယက်နမ်လူဦးရေ ၉၈ သန်းရဲ့ ၃ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရပါသေးတယ်။
 
ကမ္ဘာပေါ်မှာ ကိုဗစ်အထိန်းချုပ်နိုင်ဆုံး နိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ ကူးစက်မှုတွေများလာတဲ့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဗီယက်နမ်တပ်သားတွေဟာ အကြီးဆုံးမြို့ဆီ ဝင်ရောက်ပြီး ဒေသခံတွေကို အိမ်ထဲမှာပဲ နေစေဖို့ လုပ်ဆောင်ခဲ့ရပါတယ်။
 
“ ကျွန်တော်တို့အနေနှင့် ကွာရန်တင်းနှင့် လော့ခ်ဒေါင်းကြီးကိုပဲ အမြဲတမ်းအားကိုးနေလို့ မဖြစ်ဘူး။ လူတွေအတွက်ရော စီးပွားရေးအတွက်ပါ အခက်အခဲတွေဖြစ်ကုန်လိမ့်မယ်” လို့ ဝန်ကြီးချုပ် ဖန်မင်းချင်းက ဗုဒ္ဓဟူးနေ့တုန်းက ပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့တစ်နှစ်လုံးလုံး လူ၉၈သန်းရှိတဲ့နိုင်ငံမှာ အနီးကပ်ထိတွေ့ခဲ့သူတွေနောက်လိုက်တာနှင့် ကွာရန်တင်းလုပ်ထုံးလုပ်နည်း တွေကို ပြင်းပြင်းထန်ထန်လုပ်ကိုင်ခဲ့လို့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကူးစက်မြန်ဒယ်လ်တာကြောင့် ဗီယက်နမ်ဟာ ထိခိုက်နေရတာပါ။
 
ပြီးခဲ့တဲ ဧပြီလကုန်ပိုင်းလောက်မှာ ကူးစက်မှုက ထောင်ဂဏန်းသာရှိခဲ့ရာကနေ အခုဆို ၄၈၀၀၀၀ အထိမြင့်တက်လာနေပြီး လူပေါင်း တစ်သောင်းနှစ်ထောင်ကျော်လည်း သေဆုံးခဲ့ရပြီဖြစ်ပါတယ်။ ဟိုချီမင်းဟာ အထိခိုက်ဆုံးဖြစ်နေပါတယ်။
 
ဝန်ကြီးချုပ်က သေဆုံးမှုကို ဟန့်တားဖို့က ထိပ်တန်းဦးစားပေးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းက အဓိက မဟာဗျူဟာမြောက် အရေးယူဆောင်ရွက်မှုဖြစ်တယ်လို့ ပြောပါတယ်။
Source: Reuters