Published 17 July 2022

ဂျပန်နိုင်ငံမှာ ပိုပြီးကျန်းမာရေးနှင့်ပြည့်စုံတဲ့ ယဉ်ကျေးမှုတစ်ခု ဆောင်ကြဉ်းနိုင်ဖို့ အီတိုကီကော်ပိုရေးရှင်းနှင့် ကိုယိုဂျူ ဂိုဟန် ကေကေတို့ဟာ စီးပွားဖက်ပြုလုပ်ပြီး ဒေါင်လိုက်ပုံစံ တစ်မှေးအိပ် သေတ္တာတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

တိုကျိုအခြေစိုက် ပရိဘောဂအထူးကျွမ်းကျင် ကုမ္ပဏီဖြစ်တဲ့ အီတိုကီနှင့် ဟိုကိုင်းဒိုက သုံးထပ်သားရောင်းချတဲ့ ကိုယိုဂျူ ဂိုဟန်တို့ဟာ စီးပွားရေးလုပ်ငန်းများ မိတ်ဖက်ရှာပွဲတစ်ခုမှာ တွေ့ကြရာကနေ ဒီလုပ်ငန်းပေါ်ထွက်လာတာဖြစ်ပါတယ်။သူတို့ နှစ်ဖွဲ့ဟာ ဇူလိုင် ၁၄ရက်ကြာသပတေးနေ့က   သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် တစ်မှေးအိပ်သေတ္တာ ဒီဇိုင်း ရေးဆွဲနေပါတယ်။  ဈေးနှုန်းနှင့် ဘယ်တော့ ရောင်းမလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။

ဂျပန်နိုင်ငံမှာ အင်မတန်ရှည်လျားတဲ့ အလုပ်ချိန်ဟာ ဝန်ထမ်းတွေကြားထဲမှာ နာမည်ကြီး ကိစ္စတစ်ခုဖြစ်နေပါတယ်။  ဂျပန်နိုင်ငံမှာ အလုပ်ချိန်အပြည့်တစ်ခု ဒါမှမဟုတ် ခရီးဝေးအလုပ်ဆင်းရသူတွေအတွက် နေ့ခင်းပိုင်း တစ်ရေးတစ်မောအိပ်စက် နိုင်ဖို့ သတ်မှတ်ပေးရတာတောင်ရှိနေပါတယ်။

“ ဂျပန်နိုင်ငံမှာ  သန့်စင်ခန်းထဲ တံခါးပိတ်ပြီး တစ်ရေးအိပ်ကြရသူတွေ အများကြီးရှိနေကြတယ်။ ဒီလိုတစ်ရေးအိပ်ကြတာဟာ ကျန်းမာရေးနှင့်ညီညွတ်လှတယ်လို့ ကျွန်တော်တာ့မထင်ဘူး။  သက်သောင့်သက်သာရှိတဲ့နေရာမှာ မှေးလိုက်တာ က ပိုကောင်းတယ်” လို့  အီတိုကီက ဆက်သွယ်ရေးဒါရိုက်တာ ဆာကို ကာဝါရှီမားက ပြောပါတယ်။

တစ်မှေးအိပ်သေတ္တာအသုံးပြုသူတစ်ဦးဟာ ဒေါင်လိုက်ထောင်ထားတဲ့ အတောင့်ပုံစံမျိုးထဲ့ တစ်မှေးမှေးရတာပါ။ မူလဒီဇိုင်းမှာ လဲမကျအောင် ဦးခေါင်း၊ဒူးခေါင်းနှင့် နောက်ကျောတို့ကို ညင်ညင်သာသာကလေး ထောက်မပေးထားပါတယ်။  သုတေသနပြုချက်တွေအရ တစ်မှေးအိပ်စက်အနားယူတာဟာ ထုတ်လုပ်မှုစွမ်းအားမြင့်မားတိုးတက်စေတယ်လို့ တွေ့ရှိရတဲ့ အတွက် ဒီတီထွင်မှုကြောင့် ဂျပန်နိုင်ငံရဲ့ ဝန်ထမ်းအလုပ်သမားတွေဟာ တစ်နေ့တာလုံးမှာ တစ်မှေးအိပ်စက်နိုင်တော့မှာ ဖြစ်ပါတယ်။

“ ဂျပန်တော်တော်များများက အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေကြတယ်လို့ ကျွန်တော်ထင်တယ်။  ကုမ္ပဏီအနေနှင့် အနားယူဖို့အတွက် ပိုပြီးပျော့ပြောင်းတဲ့ ချည်းကပ်မှုတစ်ခုအဖြစ် ဒီပစ္စည်းကို ကုမ္ပဏီက အသုံးပြုနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ကာဝါရှီမားကပြောပါတယ်။

#Source_Bloomberg

#Nap_Box_Japan

#Japan_work_society

#Japanese_employees