#Pet_Health
Published 8 July 2022

 

နှာခေါင်းပြားပြားသေးသေးနဲ့ မျက်နှာအရေပြားတွန့်ခေါက်နေကြတဲ့ ခွေးဘီလူးနဲ့ခွေးပုမျိုးနွယ်တွေဟာ ခွေးမွေးသူတွေအကြိုက်များတဲ့ ခွေးမျိုးဖြစ်ပါတယ်။

 

သရုပ်ဆောင်'ဂျရတ်ဘတ်တလာ'၊ 'ပဲရစ်ဟီလ်တန်'၊ ယူကျူ့ဘ်ဆယ်လီ'ဇိုးဆက်ဂ်'တို့ဟာ အဆိုပါခွေးလေးတွေပါတဲ့ သူတို့ရဲ့ပုံတွေကို အွန်လိုင်းမှာဝေမျှဖော်ပြထားပါတယ်။

 

ဒါပေမဲ့ မျက်နှာပြားပြားနဲ့ခွေးတွေမှာ အရေပြားတွန့်ခေါက်ရောင်ရမ်းခြင်းဆိုတဲ့ အရေပြားဝေဒနာတစ်မျိုး ခံစားရနိုင်ချေ အဆ ၅၀ ပိုများကြောင်း တိရိစ္ဆာန်အထူးကုဆရာဝန်တွေက လေ့လာချက်အသစ်မှာတွေ့ရှိခဲ့ပါတယ်။

 

ဒါကြောင့် အဆိုပါအရေပြားပုံသဏ္ဍာန်ပါတဲ့ ခွေးတွေကိုမွေးမယ်ဆိုရင် သေချာစဉ်းစာချင့်ချိန်ကြဖို့ သတိပေးလိုက်ပါတယ်။

 

ထိုအရေပြားရောဂါမျိုးဟာ တွန့်ခေါက်နေတဲ့အရေပြားကြားထဲမှာ လေဝင်လေထွက်မကောင်းခြင်း၊ စိုထိုင်းဆလွန်ကဲခြင်း၊ ပွတ်တိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

 

ထိုအခါခွေးတွေမှာ အရေပြားနီရဲခြင်း၊ အနာဖြစ်ခြင်း၊ အနံ့အသက်ဆိုးခြင်းနဲ့ နာကျင်ခြင်းတို့ ခံစားရတတ်ပါတယ်။

 

ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း မွေးစားဖို့လူကြိုက်များလာတဲ့ ခွေးဘီလူးအပု၊ အင်္ဂလိပ်ခွေးဘီလူး၊ ပြင်သစ်ခွေးဘီလူးတို့မှာ ဒီလိုလက္ခဏာမျိုးအဖြစ်များ လာခဲ့ပါတယ်။

 

ဘယ်ခွေးအမျိုးအစားက အဆိုပါရောဂါလက္ခဏာမျိုးအဖြစ်နိုင်ဆုံးလဲဆိုတာကို သိရဖို့အတွက် ယူကေမှ ခွေးပေါင်း ၉ သိန်းကျော်ကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။

 

အင်္ဂလိပ်ခွေးဘီလူးတွေက အရေပြားတွန့်ခေါက်ရောင်ရမ်းခြင်းမျိုးအဖြစ်နိုင်ဆုံးဖြစ်ပြီး ဖြစ်နိုင်ချေ ၄၉.၁ ဆပိုများနေပါတယ်။

 

သူ့နောက်မှာတော့ ပြင်သစ်ခွေးဘီလူးက ၂၆ ဆနဲ့ ခွေးဘီလူးအပုက ၁၆ ဆတို့ဖြင့်အစဉ်လိုက် အများဆုံးဖြစ်နေပါတယ်။

 

ခွေးတွေရဲ့အဖြစ်အများဆုံးခန္ဓာကိုယ်နေရာတွေကတော့ နှုတ်ခမ်းမှာ ၃၆.၈ ရာခိုင်နှုန်း၊ မျက်နှာအတွန့်နေရာမှာ ၂၂ ရာခိုင်နှုန်း၊ ခွေးမလိင်အင်္ဂါမှာ ၁၄.၂ ရာခိုင်နှုန်း၊ နှာခေါင်းအတွန့်နေရာမှာ ၉ ရာခိုင်နှုန်း၊ အမြီးက ၅.၈ ရာခိုင်နှုန်းနဲ့ မျက်လုံးနားတဝိုက်မှာ ၃.၅ ရာခိုင်နှုန်းအသီးသီး ဖြစ်နိုင်ချေရှိကြပါတယ်။

 

ထိုခွေးရဲ့ဘဝသက်တမ်းတလျှောက်မှာ ရောဂါကုသကာကွယ်ရေးအတွက် အရေပြားထိန်းသိမ်းစောင့်ရှောက်ခြင်း အမြဲတမ်းပြုလုပ်ရမှာဖြစ်ပြီး ရောဂါဖြစ်နေတဲ့ခွေးအတွက် ဝန်ထုပ်ဝန်ပိုးနဲ့ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

 

မျက်နှာပြားပြားတိုတိုနဲ့ ခွေးတွေဟာ သဘာဝအတိုင်းပေါက်ဖွားလာတာ မဟုတ်ဘဲ မျိုးစပ်ရင်းပေါ်ထွက်လာကြတာဖြစ်ပါတယ်။

 

သူတို့ရဲ့မျက်နှာအရေပြားကြောင့် အရေပြားရောဂါအပြင် အသက်ရှူခက်ခဲတဲ့ပြဿနာတွေနဲ့ မျက်လုံးပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။

 

ဒီလိုခွေးမျိုးမွေးထားတယ်ဆိုရင် သူတို့ရဲ့အရေပြားအတွန့်အခေါက်တွေကြားကို သေချာသန့်ရှင်းပေးဖို့လိုပြီး ခြောက်သွေ့အောင် သေချာပြုလုပ်ရပါတယ်။

 

Source: DailyMail
#Yangon_Media_Group