#WorldPolitics
Published 8 July 2022

 

ရုရှားတို့က ယူကရိန်းကိုအထူးစစ်ဆင်ရေးဆင်နွှဲရာမှာ အခုမှအရှိန်ရတာဖြစ်ကြောင်းနဲ့ စစ်မြေပြင်မှာ ရုရှားကိုအနိုင်ယူကြည့်ဖို့ အနောက်နိုင်ငံကိုစိန်ခေါ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ကတော့ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

 

ပါလီမန်ခေါင်းဆောင်တွေကို 'ပူတင်'ကမိန့်ခွန်းပြောကြားခဲ့ရာမှာ ညှိနှိုင်းဆွေးနွေးဖို့အလားအလာက ပဋိပက္ခကြာရှည်လာတာနဲ့အမျှ ဝေဝါးလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

အနောက်နိုင်ငံက ရုရှားကိုအနိုင်ယူချင်နေတယ်လို့ ကြားသိရကြောင်း၊ ယင်းတို့ကိုစမ်းကြည့်စေချင်ကြောင်း ဆိုပါတယ်။

 

"ယူကရိန်းအတွက် နောက်ဆုံးအချိန်ထိကာကွယ်ဖို့ အနောက်နိုင်ငံက ကျုပ်တို့ကိုတိုက်ခိုက်ချင်နေတယ်ဆိုတာ ထပ်ခါထပ်ခါကြားနေရပါတယ်၊ ယူကရိန်းပြည်သူတွေအတွက်တော့ စိတ်မကောင်းဖြစ်ရပေမယ့် ဒီလိုဖြစ်ဖို့ကိုပဲ ဦးတည်လာတဲ့သဘောဖြစ်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

အနောက်နိုင်ငံတွေက ရုရှားကိုစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ကာ ယူကရိန်းကိုအဆင့်မြင့်လက်နက်များ ထောက်ပံ့ပေးနေပြီး ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေတယ်လို ရုရှားက စွပ်စွဲလိုက်ပါတယ်။

 

ရုရှားတို့ရဲ့စစ်ဆင်ရေး ခြေလှမ်းစတင်နေပြီလို့ဆိုခဲ့သလို စေ့စပ်ညှိနှိုင်းဖို့အလားအလာကိုလည်း 'ပူတင်'ကရည်ညွှန်းဖော်ပြခဲ့ပါ သေးတယ်။

 

"ကျုပ်တို့က စစ်ပွဲမှာဘာမှတောင် စမလုပ်ရသေးဘူးဆိုတာ အားလုံးသိထားသင့်ပါတယ်၊ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးစကားဆွေးနွေးမယ်ဆိုရင်လည်း မငြင်းဆန်ပါဘူး၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာက ပိုမိုခက်ခဲလာလိမ့်မယ်ဆိုတာ သိထားသင့်ပါတယ်"
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ရုရှားတို့က အရှေ့ဘက် လူဟန့်စ်ဒေသအပါအဝင် နိုင်ငံအနှံအပြားမှာလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့လဲ ရုရှားတို့စစ်ချီခြင်းက သုံးသပ်သူတွေခန့်မှန်းထားတာထက် များစွာနှောင့်နှေးခဲ့ပြီး စစ်ပွဲအစပိုင်းတုန်းက မြို့တော်ကိဗ်နဲ့ ဒုတိယအကြီးဆုံးမြို့ခါကိဗ်တို့ကို သိမ်းပိုက်ဖိုကြိုးစားရာမှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

 

ရုရှားအပေါ် အနောက်နိုင်ငံဆန့်ကျင်မှုနဲ့ပတ်သက်တဲ့ 'ပူတင်'ရဲ့အယူအဆတွေကို ယူကရိန်းညှိနှိုင်းရေးမှူးချုပ်'မစ်ခယ်လိုပိုဒိုလီယက်'က ပယ်ချလိုက်ပါတယ်။

 

"အနောက်နိုင်ငံက ဘာမှကြံစည်နေတာမဟုတ်ပါဘူး၊ ရုရှားတပ်တွေကသာ အချုပ်အခြာ အာဏာပိုင်ယူကရိန်းနိုင်ငံကိုကျူးကျော်ပြီး မြို့တွေကိုဗုံးတွေကျဲ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာပါ၊ ရှေးရိုးစွဲဝါဒတွေ လက်ကိုင်ထားကြတဲ့သူတွေပါ၊ ယူကရိန်းဘက်ကနောက်ဆုံးကျန်တဲ့လူအထိ စစ်ပွဲဆင်နွှဲသွားမယ်ဆိုတဲ့'ပူတင်'ရဲ့စကားက လူမျိုးသုဉ်းသတ်ဖြတ်မယ်ဆိုတဲ့ သက်သေအထောက်အထားပါပဲ" လို့ 'ပိုဒိုလီယက်'က တွစ်တာမှာ ဖော်ပြထားပါတယ်။

 

ယူကရိန်းတို့လက်ခံညှိနှိုင်းနိုင်မယ့်ကိစ္စရပ်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ရုရှားတပ်များ ဆုတ်ခွာခြင်း၊ ပြန်ပေးဆွဲထားတဲ့အရပ်သားများ ပြန်လည်ပေးအပ်ခြင်း၊ စစ်ရာဇဝတ်သားများနဲ့ လဲလှယ်ခြင်း၊ လျော်ကြေးကိစ္စနဲ့ ယူကရိန်းကိုယ်ပိုင်အချုပ်အခြာအာဏာကို အသိအမှတ်ပြုရေးတို့ပါဝင်ပါတယ်။

 

ပါလီမန်ခေါင်းဆောင်တွေက 'ပူတင်'ရဲ့မိန့်ကြားချက်များကို တုံ့ပြန်ခဲ့ကြပြီး 'A Just Russia'ပါတီမှ 'ဆာဂျီမီရိုနော့ဗ်'က ယူကရိန်းထံမှ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရုရှားနိုင်ငံထဲပေါင်းစည်းရေးအဆင်ပြေစေရန် အထူးအေဂျင်စီထူထောင်ဖို့ တိုက်တွန်းခဲ့ပြီး 'ပူတင်'ကလည်း ထိုအကြောင်းကို ဆွေးနွေးဖို့ ကတိပြုခဲ့ပါတယ်။

Source: Reuters
#Yangon_Media_Group