Published- 28 August 2021
မက္ကဆီကို အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် UNAMက သုတေသနမှူးတွေဟာ ငွေနှင့်ကြေးသတ္တု နာနိုအလွှာလေးတွေကို အသုံးပြုပြီး ဆားစ်ကော့ဗ်-တူး SARA-CoV-2 ကို အာနိသင်ပျက်အောင်လုပ်ပေးနိုင်တဲ့ မျက်နှာစည်း facemask ကို တီထွင်ခဲ့တယ်လို့ ကြာသပတေးနေ့က တက္ကသိုလ်ရဲ့ အရာရှိဂေဇက်မှာ ပြောထားတယ်လို့ ဂျေရုစလင်ပို့စ် သတင်းဌာနက ရေးသားလိုက်ပါတယ်။
 
UNAM တက္ကသိုလ်က အဲဒီ အလွှာသုံးလွှာပါတဲ့ antimicrobial facemask ကို ဆက်ကူးလို့ အမည်ပေးထားပါတယ်။ ဆက် ရဲ့ အဓိပ္ပါယ်က မေယန်လို ငွေသတ္တုကို ခေါ်ဆိုတာဖြစ်ပြီး ကူးကတော့ ကြေးသတ္တုရဲ့ ဓာတုသင်္ကတဖြစ်ပါတယ်။
 
သုတေသနပညာရှင်တွေက မက္ကဆီကိုက ဂျာရက်စ်ဆေးရုံမှာတက်နေတဲ့ ကိုဗစ်ပေါ့စတစ်ဖြစ်နေတဲ့ လူနာတွေဆီက ဗိုင်းရပ်စ်ကို ရယူပြီး ကြေးနှင့်ငွေ အလွှာပါးလေးထည့်ထားတဲ့ ပိုလီပရောပလင်ပေါ်တင်ပြီး စမ်းသပ်ခဲ့ကြတာလို့ သိရပါတယ်။
 
တကယ်လို့ ဗိုင်းရပ်စ်တွေကများနေရင် ရှစ်နာရီလောက်ကြာတဲ့အခါ အဲဒီဗိုင်းရပ်စ်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက် ပျောက်သွားပြီး အကောင်ရေနည်းနေရင်တော့ နှစ်နာရီလောက်ကြာတဲ့အခါ ဗိုင်းရပ်စ်ရဲ့ အာရ်အင်န်အေကို ရှာမတွေ့တော့ ဘူးလို့ သူတို့ကပြောပြကြပါတယ်။
“ ငွေ-ကြေးနာနိုအလွှာပါးကလေးနှင့် ထိတွေ့မိတဲ့အခါ ဆားစ်ကော့ဗ်တူးအမြှေးတွေက ပြတ်ထွက်ကုန်ပြီး သူ့ရဲ့ အာရ်အင်န် အေပျက်စီးသွားတာ တွေ့ရတယ်” လို့ ဂေဇက်ထဲမှာ ရေးထားပါတယ်။
 
အဲဒါကြောင့် ‘ဆက်ကူး’ ကို အခြားမျက်နှာစည်းတွေလို့စနစ်တကျ မစွန့်ပစ်ခဲ့မိရင်တောင် ပြသနာမဟုတ်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ ဘာအညစ်အကြေးမှ မကျန်ရစ်တော့လို့ဘဲ လို့ ဆက်လက်ရေးသားထားပါတယ်။
 
သူတို့ရဲ့ ဆက်ကူး မျက်နှာစည်း facemask ဟာ ပြန်သုံးလို့ရတဲ့ အမျိုးအစားဖြစ်ပြီး ပိုးသတ်နိုင်စွမ်းမလျော့စေဘဲ ၁၀ကြိမ် အထိ လျှော်ဖွပ်ပြီး ပြန်အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။
UNAM ဟာ အမြောက်အများထုတ်လို့ရတဲ့ မျက်နှာစည်းတွေ မထုတ်နိုင်သေးပါဘူး။ လက်ရှိမှာ တစ်ရက်ကို အခု ၂၀၀ လောက်ပဲထုတ်လုပ်ပေးနိုင်ပါတယ်။
သုတေသနကို UNAM ရဲ့ သတ္တုဗေဒသုတေသနဌာနက ဦးစီးပြုလုပ်ခဲ့တာဖြစ်ပြီး ပညာရှင်အချင်းချင်း ပြန်လည်သုံးသပ်တဲ့ အဆင့်တော့ မဆောင်ရွက်ရသေးဘူးလို့ သတင်းမှာဖော်ပြထားပါတယ်။
 
Source :JPost