Published 29 June 2022

ကနေဒါနိုင်ငံ ဘရိတစ်ရှ်ကိုလံဘီယာရှိဘဏ်တစ်ခုမှာ အင်္ဂါနေ့ကပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကနေဒါရဲတပ်ဖွဲ့က သေနတ်သမား ၂ ယောက်ကို အသေပစ်သတ်နိုင်ခဲ့ကာ ရဲအရာရှိ ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲနိုင်တဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခုရှာတွေ့ခဲ့တာကြောင့် အနီးနားအိမ်တွေကလူတွေကို ထွက်ခွာခိုင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပြခဲ့ပါတယ်။

အမေရိကန် ဝါရှင်တန်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဗန်ကူဗာကျွန်းပေါ်က မောင့်ထရီယယ်လ်ဘဏ်နားက အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ နံနက် ၁၁ နာရီခန့်က ရောက်ရှိလာခဲ့ပါတယ်။

“ထိုနေရာမှာ ရဲတွေအများအပြားရောက်ရှိလာခဲ့ပြီး တရားခံတွေနဲ့ပတ်သက်တဲ့ကားတစ်စီးမှာ ပေါက်ကွဲနိုင်တဲ့ပစ္စည်းတစ်ခုတွေ့ခဲ့တာကြောင့် အခင်းဖြစ်ပွားရာအနီးနားက အိမ်တွေဆိုင်တွေကို ထွက်ပြေးခိုင်းခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့က ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

နောက်ပိုင်းမှာတော့ တားမြစ်ထားတဲ့နေရာအချို့ကို ပြန်ဖွင့်ခဲ့ပေမယ့် ဘဏ်နားတဝိုက်ကဘလောက်ကိုတော့ ဆက်လက်ပိတ်ပင်ထားပါသေးတယ်။

ကနဦးတင်ပြချက်များအရ တရားခံတွေဟာ လက်နက်အမြောက်အများကိုင်ဆောင်ထားပြီး ကျည်ကာဝတ်စုံဝတ်ထားတယ်လို့ ရဲမှူးကြီး’ဒင်းဒူသီ’က မီဒီယာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

သေနတ်ဒဏ်ရာရခဲ့တဲ့ ရဲ ၆ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အချို့ကဆေးရုံကဆင်းနိုင်ပေမယ့် အချို့ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က ဗီဒီယိုအထောက်အထားပြုလုပ်ဖို့ မျက်မြင်သက်သေများအားမေးမြန်းလျက်ရှိပြီး ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ဗီဒီယိုမှာတော့ ရဲတွေနဲ့ရဲခွေးတွေက သေနတ်သံနောက်လိုက်နေတဲ့ပုံတွေ ပါဝင်ကြောင်း CBC News မှာ ဖော်ပြထားပါတယ်။

ဒီလိုအကြမ်းဖက်လုပ်ရပ်မှာ အရပ်သားတွေတစ်ယောက်မှ မထိခိုက်ခဲ့တာ အံ့ဩစရာကောင်းလွန်းပါတယ်လို့ ‘ဒင်းဒူသီ’ကပြောပြခဲ့ပါတယ်။

ဝန်ကြီးချုပ်’ဂျက်စတင်ထရူဒူး’က ထိုဖြစ်ရပ်အတွက် ဝမ်းနည်းရကြောင်းဖော်ပြထားပါတယ်။

ထိုဖြစ်ရပ်မှာ ဒဏ်ရာရခဲ့တဲ့ရဲအရာရှိတွေနဲ့ အရပ်သားတွေမထိခိုက်အောင် အန္တရာယ်ထဲပြေးဝင်ခဲ့တဲ့သူတွေကို အမြဲစိတ်ထဲမှတ်သားထားပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

Source: Reuters