#WorldHealth
Published 29 June 2022

 

နိုင်ငံရေးသမားတွေက သူတို့ကိုယ်စားပြုတဲ့ အရပ်သားပြည်သူတွေထက် ပိုမိုအသက်ရှည်ကြကြောင်း လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။

 

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများက နိုင်ငံ ၁၁ နိုင်ငံမှ ကျန်းမာရေးအချက်အလက်များနဲ့ ၁၉ ရာစုအစပိုင်းကစလို့ နိုင်ငံရေးသမားပေါင်း ၅၇,၅၀၀ ဦးရဲ့အချက်အလက်များကို လေ့လာခဲ့ကြပါတယ်။

 

ထိုနိုင်ငံ ၁၁ နိုင်ငံထဲမှာ နိုင်ငံရေးသမားတွေရဲ့ ပျမ်းမျှဘဝသက်တမ်းက သက်ဆိုင်ရာပြည်သူတွေထက် ၄ နှစ်ခွဲပိုနေထိုင်ရကြောင်း သိရှိရပါတယ်။

 

ပျမ်းမျှသက်တမ်းတွေက နိုင်ငံအလိုက်ကွာခြားချက်ရှိပြီး ဆွစ်ဇာလန်နိုင်ငံမှာ ၃ နှစ်နဲ့ အီတလီမှာဆိုရင် ၇ နှစ်ခွဲအထိရှိ နေပါတယ်။

 

ဒီလိုမျိုးသက်တမ်းပိုကြာရှည်စွာ နေထိုင်နိုင်တဲ့အကြောင်းအရင်းက နိုင်ငံရေးသမားတွေဟာ သာမန်အရပ်သားတွေထက် လုပ်ခလစာပိုမိုရရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပိုပြီးခံယူ ကုသနိုင်တာကြောင့်လို့ ယူဆရပါတယ်။

 

ဥပမာအားဖြင့် ၂၀၂၂ ဧပြီ ၁ ရက်နေ့အထိ လွှတ်တော်အဖွဲ့ဝင်တစ်ဦးရဲ့ အခြေခံလစာဟာ တစ်နှစ်ကို ၈၄,၁၄၄ ပေါင်ရှိပြီး ယူကေရှိ ပြည်သူတွေရဲ့လစာကတော့ တစ်နှစ်ကို ၂၄,၆၀၀ ပေါင်သာရှိပါတယ်။

 

လက်ရှိခေတ်မှာ နိုင်ငံရေးသမားဖြစ်လာရင် တီဗီ၊ ဆိုရှယ်မီဒီယာတွေမှာပါ စည်းရုံးရေးနည်းလမ်းအမျိုးမျိုးအသုံးချလာနိုင်တာကလည်း ပျမ်းမျှသက်တမ်းကွာခြားချက်ကို သက်ရောက်မှုရှိနေနိုင်ပါတယ်။

 

အောက်စ်ဖို့ဒ်ကျန်းမာရေး သုတေသနတက္ကသိုလ်မှ ဒေါက်တာ'လောရန့်စ်ရု'က ယနေ့ခေတ်နိုင်ငံရေးသမားတွေရဲ့ပျမ်းမျှသက်တမ်းက ၂၀ ရာစုပထမပိုင်းကနဲ့ယှဉ်ရင် အတော်ကိုမြင့်မားလာကြောင်း ဖော်ပြခဲ့ပါတယ်။

 

ဒေါက်တာ'ရု'နဲ့ သုတေသနအဖွဲ့က ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်တဲ့ ဩစတြေးလျ၊ ဩစတြီးယား၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတိုမှ အချက်အလက်တွေကို စုဆောင်းလေ့လာခဲ့တာဖြစ်ပါတယ်။

 

ထိုနိုင်ငံတွေထဲမှ ၁၉၄၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ကြား အနည်းဆုံး ၆၉ နှစ်ကာလအပိုင်းအခြားက အချက်အလက်တွေကို သုတေသီများဆန်းစစ်ခဲ့ကြပါတယ်။

 

ဆန်းစစ်မှုထဲမှာ အစောပိုင်းပါဝင်ခဲ့တဲ့ နိုင်ငံရေးသမားကတော့ ၁၈၁၆ က ပြင်သစ်မှာပထမဆုံး အရွေးခံခဲ့ရသူဖြစ်ပြီး ယူကေမှအထင်ကရ လွှတ်တော်အမတ်များနဲ့ မထင်မရှားပုဂ္ဂိုလ်များပါ ပါဝင်ခဲ့ပါတယ်။

 

အဲဒီနောက် နိုင်ငံရေးသမားတွေသေဆုံးခဲ့တဲ့ အချက်အလက်တွေနဲ့ အရပ်သားတွေရဲ့သေဆုံးမှုနှုန်းကို နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

သူတို့ရဲ့ကွာခြားချက်တွေက ယူကေလိုနိုင်ငံမျိုးမှာ ၃ နှစ်ခွဲရှိပြီး အီတလီ၊ အမေရိကန်၊ ပြင်သစ်တို့လို အချို့သော နိုင်ငံတွေမှာတော့ ကွာခြားချက် ပိုများနေပါတယ်။

 

ပိုပြီးထူးခြားတာက ၁၉ ရာစုနောက်ပိုင်းနဲ့ ၂၀ ရာစုအစောပိုင်းတို့မှာ နိုင်ငံရေးသမားတွေနဲ့ အရပ်သားများအကြား ပျမ်းမျှသက်တမ်း အတူတူနီးပါးဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ နိုင်ငံအားလုံးနီးပါးမှာ ကွာဟချက် ပိုကြီးမားလာခဲ့ပါတယ်။

 

နိုင်ငံရေးသမားတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုမိုရရှိလာနိုင်တာကလည်း အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။

 

နိုင်ငံရေးသမားတွေက လူအများရှေ့မှာ စံပြဖြစ်အောင်နေထိုင်ပြရတာကြောင့် ကျန်းမာရေးပိုမိုကောင်းမွန်တာလည်း ဖြစ်နိုင်ပါတယ်။

 

ကျန်းမာရေး အခွင့်အလမ်းမညီမျှခြင်းကိုလျှော့ချဖို့ ယူကေအစိုးရနဲ့ အခြားအစိုးရအဖွဲ့တွေ အလေးထားလာကြကြောင်း ကျန်းမာရေးနှင့်စီးပွားရေးသုတေသနစင်တာမှ ပရော်ဖက်ဆာ'ဖိလစ်ကလာ့ခ်'က ပြောကြားခဲ့ပါတယ်။

 

နိုင်ငံရေးသမားတွေလို အထက်တန်းလွှာလူတန်းစားတွေနဲ့ သာမန်ပြည်သူတွေရဲ့ ပျမ်းမျှသက်တမ်းကွာခြားမှု လျော့ကျအောင်နည်းလမ်းရှာဖို့ စိန်ခေါ်မှုတွေရှိလာပါပြီ။

 

Source: DailyMail
#Yangon_Media_Group